Home
မြန်မာသတင်း
ဆိုရှယ်မီဒီယာများကို စောင့်ကြည့်ရန်အဖွဲ့ဖွဲ့စည်းထားပြီး ကျပ်ငွေ ၆၄၂၆ သန်းသုံးစွဲခဲ့
နေဖြိုးဝင်း
·
March 19, 2018
  ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရေးအတွက်အဖွဲ့ဖွဲ့ စည်းထားပြီး ဒီအတွက် ကျပ် ၆၄၂၆ သန်းသုံးစွဲခဲ့တယ်လို့ ဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။ မတ်လ ၁၉ ရက် ပြည်ထောင်စုလွှတ်တော်မှာ သမ္မတက ပေးပို့တဲ့ ၂၀၁၇ ခုနှစ် ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေကနေ ကျပ် ၆၄၂၆ သုံးစွဲခဲ့တာနဲ့ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းပြောကြားခဲ့တာပါ။ ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်းကျောင်းမှုပြုလုပ်တဲ့ အဖွဲ့ကိုလည်း အစိုးရရဲ့ခွင့်ပြုချက်နဲ့ ဖွဲ့စည်းပြီးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ “ဆက်သွယ်ရေးစနစ်တမျိုးမျိုး အင်တာနက် သို့မဟုတ် ဆိုရှယ်မီဒီယာတွေကို အသုံးပြုပြီး နိုင်ငံတော်ရဲ့တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာအောင် ပြုလုပ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့အတွက် ဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတခုခုက အဆင့်မြင့် နည်းပညာတွေအသုံးပြုပြီး စနစ်တကျစောင့်ကြည့် ဖော်ထုတ်နိုင်ရေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေကို ဥပဒေနဲ့အညီ စောင့်ကြည့်ထိန်း ကျောင်းမှုပြုလုပ်နိုင်ရေး အဖွဲ့(Social Media Monitoring Team – SMMT) ကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဖွဲ့စည်းခဲ့ ပြီးဖြစ်ပါတယ်” ဒီအဖွဲ့ရဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် Hardware တွေ၊ Device တွေ Software တွေဝယ်ဖို့ ကုန်ကျစရိတ် စုစုပေါင်း ကျပ် ၆၄၂၆ သန်းကို အရေးပေါ်ရန်ပုံငွေကနေ သုံးစွဲခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှတ်တမ်းတင်လိုက်ပါတယ်။ ဒါ့အပြင်နိုင်ငံတကာစံမီတဲ့ ဆိုင်ဘာဥပဒေကိုလည်း ရေးဆွဲနေတယ်လို့ ဝန်ကြီးက “အင်တာနက်အသုံးပြုပြီးတော့ ကျုးလွန်တဲ့ ပြစ်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ နိုင်ငံတကာစံနှုန်းတွေနဲ့ညီတဲ့ ဆိုက်ဘာဥပဒေ(Cyber Law) တရပ်ကို နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင်တွေနဲ့ ညှိနှိုင်းပြီးတော့ ရေးဆွဲနေတာ အကြမ်းထည်ပြီးစီးပြီဖြစ်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံးအသုံးပြုနေတဲ့ Facebook ကပြဋ္ဌာန်းထားတဲ့ လူမှုကွန်ရက် စံနှုန်းတွေကို သိရှိလိုက်နာခြင်းမရှိဘဲ စည်းကမ်းချိုးဖောက်နေကြတာနဲ့ပတ်သက်ပြီး ထိရောက် မြန်ဆန်စွာ အရေးယူနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းပြီး ဖြေရှင်းတဲ့နည်းလမ်းတွေ ကိုလည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024