ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ အင်းထဲမှာ ငါးခိုးဖမ်းတယ်လို့ စွပ်စွဲဖမ်းဆီး တရားစွဲဆိုခံရသူတွေကို ပြန်လွှတ်ပေးဖို့ ရွာသားတွေက ဆန္ဒပြတောင်းဆိုလိုက်ပြီး နာရီပိုင်းအကြာမှာ အားလုံးကို သက်ဆိုင်ရာက ပြန်လွှတ်ပေးခဲ့ပါတယ်။
အလမျိုးအင်းအတွင်း ငါးရှာဖွေစားသောက်မှုနဲ့ ရွာသား ၉ ဦးကို ခိုးမှုနဲ့စွဲဆိုထားတာပါ။ ဒီလ ၂၃ ရက်နေ့က ဓနုဖြူမြို့ ကို ရွာသား ၂၀၀ ခန့် တက်ပြီး သွားရောက် အရေးဆို ဆန္ဒပြခဲ့အပြီး လွတ်လာကြတာပါ။
သူတို့က ဖမ်းထားသူတွေ ပြန်လွတ်ရေး၊ အင်းမှာ ငါးရှာစားခွင့်ရရေး၊ အင်းသူကြီးကို ဖယ်ရှားရေး ဆန္ဒပြခဲ့ကြတာပါ။ ဒီအကြောင်းကို ရွာသားတွေ ပြန်လွတ်ရေး လိုက်ပါဆောင်ရွက်တဲ့ လူအခွင့်အရေးကာကွယ်မြှင့်တင်သူ ကိုကျော်လွင်က ခုလို ပြောပါတယ်။
“ပြည်သူလူထု ၂၀၀ လောက် ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ပြည်ထောင်စု ဝန်ကြီး လာကြည့်သွားပြီး အဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးလိုက်ပါ နောက်ထပ် တရားမစွဲပါနဲ့ ဆိုပြီး ပြောသွားတယ်။ ဒါပေမယ့် ဓနုဖြူမြို့နယ် ငါးလုပ်ငန်းဦးစီးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ တရားသူကြီးတွေက မနာခံဘဲ အဲ့နေ့မှာ အမှုဆက်စစ်တယ်။ အမှုစစ်ပြီး ငါးဖမ်းလုပ်သားတွေကို ခံဝန်နဲ့ လွှတ်မယ်။ ကျေအေးလွှာတင်မယ်။ နောက်မှလွှတ်မယ်ဆိုပြီး ပြောတယ်။ ပြည်သူလူထုက လက်မခံဘူး။ ဓနုဖြူမြို့နယ် တရားရုံးရှေ့မှာ နေ့လယ် ၁ နာရီလောက်ကစပြီး စာရွက်ထောင်ပြီး ဆန္ဒပြတယ်။ ၃ နာရီထိုးတဲ့အထိ သူတို့ဘက်က အကြောင်းမပြန်ဘူး။ ဒါနဲ့ ငါးလုပ်ငန်းဦးစီးရုံးနဲ့ တရားရုံးကြားမှာ ၁ မိုင်လောက် ဝေးတယ်။ လှည့်လည်တန်းစီပြီး ဆန္ဒပြကြတယ်။ ၃ နာရီခွဲလောက်ကြတော့ ၉ ယောက်ကို ခြွင်းချက်မရှိ လွှတ်ပေးတယ်။”
အခင်းဖြစ်တဲ့အင်းဟာ အရင်က နယ်မြေခံကျေးရွာသားတွေ ငါးရှာဖွေစားသောက်ခွင့်ရှိပေမယ့် ၁၉၉၈ ခုနှစ်လောက်ကစပြီး အင်းသူကြီးနဲ့ ငါးလုပ်ငန်းဦးစီးဌာနကသာ ပိုင်တယ်ဆိုပြီး ရွာသားတွေကို ငါးဖမ်းခွင့် ပိတ်ပင်ခဲ့ပြီး ငါးဖမ်းသူတွေကိုလည်း ဖမ်းဆီး အရေးယူမှုတွေ ရှိခဲ့ဖူးတယ်လို့ ကိုကျော်လွင်က ပြောပါတယ်။
ရွာသား ၅ ဦးက ငါးမျှားတံ၊ ယက်သဲ့၊ အုပ်စောင်းတွေနဲ့ ရှာဖွေစားသာက်လို့ရတယ်လို့ သတင်းစာမှာပါတာကို ကိုးကား ပြောလို့ဆိုပြီး ကနဦး ငါးရှာစားသူ ၄ ဦးနဲ့အတူ စုစုပေါင်း ၉ ဦးကို အင်းသူကြီးက ခိုးမှုနဲ့ ၁၇ ရက်နေ့မှာ ရုံးကို ဆင့်ခေါ်ပြီး တရားစွဲဆို ချုပ်နှောင်ထားတာဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာကြပေမယ့် သူတို့တောင်းဆိုချက် ၃ ချက်အနက် ၁ ချက်ပဲရသေးတာကြောင့် အဲဒီအင်းမှာ ရှာဖွေစားသောက်ရေးကိစ္စနဲ့ အင်းသူကြီးကို ဖယ်ပေးရေးကိစ္စ တောင်းဆိုထားတယ်လို့ ကိုကျော်လွင်က ပြောပါတယ်။
“နောက်နေ့ အချက် ၂ ချက်ကို မလိုက်လျောဘူးဆိုရင် ဓနုဖြူမြို့နယ်မှာ လှည့်ပြီး ဆန္ဒပြမယ်ဆိုပြီး ကြေညာလိုက်တော့မှ ဘုံစားအင်းအဖြစ် ချပေးဖို့က ဓနုဖြူမြို့နယ် အာဏာပိုင်နဲ့ ငါးလုပ်ငန်းနဲ့ တရားသူကြီးနဲ့က လုပ်လို့ဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး။ အင်းသူကြီးကိုလည်း ကြေးတိုင်အဖြစ်နဲ့ ပေးထားတော့ ဖယ်ရှားဖို့က အထက်ကို အဆင့်ဆင့်တင်ရပါဦးမယ် ဆိုပြီး ဆန္ဒပြသူတွေကို ဦးဆောင်တဲ့ ကိုယ်စားလှယ် ၁၀ ဦးကို ခေါ်တွေ့ပြီး ညှိနှိုင်းပြီးတော့ သူတို့တင်ပေးပါမယ်၊ သူတို့တွေ စာရေးပေးတယ်၊ ဒါကို လက်မှတ်ထိုးပြီး စာကို အထက်ကို တင်ပြထားပါတယ်။”