တရားခံပြေးအား ဖမ်းဆီးစဉ် ဓားဖြင့်ပြန်ခုတ်သဖြင့် ရဲဒုတပ်ကြပ် ဒဏ်ရာရ
DVB
·
March 17, 2018
တောင်တွင်းကြီးမြို့နယ် ဓားခုတ်မှုနဲ့ ထွက်ပြေး တိမ်းရှောင်နေတဲ့ တရားခံပြေးကို မတ်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရာ တရားခံက ပြန်လည်ခုခံလို့ ရဲဒုတပ်ကြပ်တဦး ဓားဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ တရားခံပြေး ၀င်းရွှေဟာ ကျေးရွာအတွင်း ပြန်လည်ရောက်ရှိနေကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေက ၀င်းရွှေကို နှစ်ကျပ်ခွဲကျေးရွာ အနောက်ဘက် ယာခင်းထဲမှာ ၀င်ရောက်ဖမ်းဆီးရာ ၀င်းရွှေက အသင့်ပါလာတဲ့ ဓားနဲ့ ခုတ်ခဲ့တာကြောင့် ရဲဒုတပ်ကြပ် ၀င်းလှိုင်မှာ ၀ဲလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး တရားခံပြေး ၀င်းရွှေလည်း ဦးခေါင်းချိုစောင်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းက ဆိုပါတယ်။
တရားခံ ၀င်းရွှေဆီက အရိုးအသွား ၂ ပေ၊ ၄ လက်မခန့်ရှိ ဓားမ ၁ ချောင်းနဲ့ လွယ်အိတ်ထဲက အရိုးအသွား ၁၁ လက်မလောက်ရှိတဲ့ ဓားဦးချွန် ၁ ချောင်းတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ဒဏ်ရာရရှိသူ ရဲဒုတပ်ကြပ် ဝင်းလှိုင် နဲ့ တရားခံပြေး ဝင်းရွှေတို့ကို တောင်တွင်းကြီး ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကုက္ကိုလ်ကုန်း နယ်မြေစခန်းက တရားခံပြေးဝင်းရွှေ(ဖမ်းမိ) ကို ပုဒ်မ ၃၃၃(တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ပြင်းထန်နာကျင်စေမှု)နှင့် (ပ)၈/၂၀၁၈ လက်နက်ဥပဒေပုဒ်မ ၁၉(င)တို့နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
တရားခံပြေး ၀င်းရွှေ ဟာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် က နှစ်ကျပ်ခွဲကျေးရွာနေ ဦးဇော်လင်းရဲ့ နေအိမ်ဝိုင်းအတွင်း ခရစ္စမတ်ပွဲတော်ကျင်းပပြီး ပြန်လာတဲ့ ဦးအောင်မင်းကို အရက်မူးကာ ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်တယ်လို့ သိရပါတယ်။