Home
ဆောင်းပါး
၂၀၁၅ ကို ​အေး​အေး​ချမ်း​ချမ်း​ ​ရောက်နိုင်ပါ့​မလား
DVB
·
May 25, 2012
လက်ရှိ မြန်မာ့​နိုင်ငံ​ရေး​မှာ သမ္မတ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​အများ​စု ပြန်လွှတ်​ပေး​တာ၊​ ​ရွေး​ကောက်ပွဲဥပ​ဒေ နည်း​ဥပ​ဒေ​တွေကို ပြင်​ပေး​တဲ့​အတွက် အန်အယ်လ်ဒီပါတီက ပြန်မှတ်ပုံတင် ​ရွေး​ကောက်ပွဲဝင်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် အပါအဝင် အမတ် အ​တော်များ​များ​ လွှတ်​တော်ထဲ​ရောက်သွား​တာ၊​ သမ္မတ ဦး​သိန်း​စိန် အစိုး​ရအဖွဲ့​ရဲ့​ ဒုတိယလှိုင်း​ ပြုပြင်​ပြောင်း​လဲမှု ​ကြေညာတာ စတဲ့​ အပြုသ​ဘော​ဆောင် ​ကောင်း​မွန်တိုး​တက်တဲ့​ အ​ခြေအ​နေ​တွေ ဖြစ်ထွန်း​လာ​နေတဲ့​အတွက် နိုင်ငံတကာက နိုင်ငံ​ရေး​ အကဲခတ်​တွေနဲ့​ ပြည်တွင်း​နိုင်ငံ​ရေး​သမား​ တချို့​ဟာ ​နောက်တကြိမ် ​ရွေး​ကောက်ပွဲလုပ်မယ့်​ ၂၀၁၅ ခုနှစ်ကို ​မျှော်ကြည့်​လာကြပါတယ်။ ၂၀၁၅ ခုနှစ် ​ရွေး​ကောက်ပွဲဟာ ဘယ်ပုံစံ ဖြစ်မလဲ၊​ ဒီနှစ် ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာလိုပဲ ​ဒေါ်​အောင်ဆန်း​စုကြည် ဦး​စီး​တဲ့​ အန်အယ်လ်ဒီက အနိုင်ရပြီး​ အစိုး​ရဖွဲ့​နိုင်မလား​၊​ ဒီအခါ စစ်တပ်က ဘယ်လိုသ​ဘောထား​မလဲ စသဖြင့်​ ​မေး​ခွန်း​မေး​သူ​တွေ အ​တော်များ​များ​ ​ပေါ်လာပါတယ်။ ဒါ​ပေမယ့်​ တကယ့်​တကယ် ​မေး​ခွန်း​က​တော့​ လက်ရှိ နိုင်ငံ​ရေး​ အခင်း​အကျင်း​က​နေ ၂၀၁၅ ခုနှစ်ကို ​အေး​အေး​ညင်ညင်သာသာ သွား​ဖို့​ ဖြစ်နိုင် မဖြစ်နိုင်ဆိုတဲ့​ ​မေး​ခွန်း​ပဲ ဖြစ်ပါတယ်။ အခု ရက်ပိုင်း​မှာကိုပဲ ဒီလို အခက်အခဲ​တွေ တစတစ ​တွေ့​လာ​နေရပါတယ်။ ဒါ​တွေက ဘာ​တွေလဲ၊​ ဘယ်လို အကျိုး​ဆက်​တွေ ဖြစ်လာနိုင်သလဲ ဆိုတာ ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။ ဒါ​တွေနဲ့​ ပတ်သက်လို့​ အထင်ရှား​ဆုံး​ မြင်သာတဲ့​အချက်က​တော့​ ဒီရက်ပိုင်း​အတွင်း​ ဖြစ်​ပေါ်​နေတဲ့​ လျှပ်စစ်မီး​ရရှိ​ရေး​ ပြည်သူ့​ဆန္ဒ ထုတ်​ဖော်ပွဲ​တွေ ဖြစ်ပါတယ်။ ​နောက်တခုက​တော့​ အဆက်မပြတ် ဖြစ်​ပေါ်လာ​နေတဲ့​ စက်ရုံ အလုပ်သမား​တွေရဲ့​ လုပ်ခလစာ တိုး​တက်ရရှိ​ရေး​ ဆန္ဒပြ သပိတ်​မှောက်တိုက်ပွဲ​တွေ ဖြစ်ပါတယ်။ ​နောက်ထပ် ​နေရာအနှံ့​မှာ ​ပေါ်​ပေါက်​နေတာက​တော့​ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေရဲ့​ သူတို့​လယ်ယာ​မြေ ပြန်ရဖို့​ နည်း​အမျိုး​မျိုး​နဲ့​ ဆန္ဒ ထုတ်​ဖော်မှု​တွေ ဖြစ်ပါတယ်။ ထင်ရှား​တဲ့​ သာဓက တခုက​တော့​ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ ​ရွှေနံ့​သာ​ကျေး​ရွာမှာ ဖြစ်ခဲ့​တဲ့​ ​ဇေကမ္ဘာကုမ္ပဏီက မတရား​သိမ်း​ထား​တဲ့​ ​မြေကွက်​တွေ​ပေါ်မှာ လယ်သမား​တွေရဲ့​ အတင်း​ဝင်​ရောက် ထွန်ယက်ဖို့​ ကြိုး​စား​မှု​တွေပဲ ဖြစ်ပါတယ်။ ဒါတင်မက စက်မှုဇုန်၊​ အထူး​စီး​ပွား​ရေး​ဇုန်လုပ်ဖို့​ အိမ်ရာနဲ့​ ဥယျာဉ်ခြံ​မြေ​တွေ သိမ်း​ဆည်း​နေတဲ့​အတွက် အသိမ်း​ခံရသူ​တွေရဲ့​ အ​ရေး​ဆိုဆန္ဒပြုမှု​တွေ၊​ ကျူး​ကျော် အိမ်ရာက​နေ ဖယ်ရှား​ပေး​ဖို့​ နှင်ထုတ်ခံ​နေရသူ​တွေ၊​ ​ဈေး​တွေ ပြန်​ဆောက်လို့​ နဂိုရပိုင်ခွင့်​ ဆုံး​ရှုံး​ရမှု​တွေကလည်း​ ​နေရာအ​တော်များ​များ​မှာ ဖြစ်​ပေါ်​နေပါ​သေး​ တယ်။ ဒါတင်မက အခြား​ ပြဿနာ​တွေလည်း​ အ​မြောက်အမြား​ ရှိ​နေပါတယ်။ ဒီပြဿနာ​တွေကို လက်ရှိ ဦး​သိန်း​စိန် အစိုး​ရအ​နေနဲ့​ အဆင်​ပြေ​ပြေ ​ကောင်း​ကောင်း​မွန်မွန် ကိုင်တွယ်နိုင်မလား​။ ဒါမှမဟုတ် ဒီ အဆင်မ​ပြေမှု​တွေဟာ ဘယ်​လောက်အထိ ကြီး​မား​ကျယ်ပြန့်​သွား​နိုင်သလဲ၊​ ဘယ်လို ​ဖြေရှင်း​ကြမလဲ ဆိုတာ ထည့်​တွက်ထား​ဖို့​ လိုအပ်ပါတယ်။ လတ်တ​လော ဖြစ်​နေတဲ့​ လျှပ်စစ်မီး​ ပြဿနာကိုပဲကြည့်​ပါ။ ​ကေအိုင်​အေ တပ်ဖွဲ့​တွေက မိုင်း​ခွဲဖြိုဖျက်ခဲ့​တယ်လို့​ အစိုး​ရက စွပ်စွဲထား​တဲ့​ ​ရွှေလီ-မန်စံ ဓာတ်အား​လိုင်း​ တာဝါတိုင် ကိစ္စဟာ ​မေ ၁၉ ရက်​နေ့​ကမှ ဖြစ်ပါတယ်။ မန္တ​လေး​၊​ စစ်ကိုင်း​၊​ မုံရွာနဲ့​ ​မော်လမြိုင်လို မြို့​ကြီး​တွေမှာ မီး​မမှန်တာ၊​ မီး​လာတဲ့​အချိန် မီး​အား​ အပြည့်​အဝမရတာ လနဲ့​ချီ ကြာမြင့်​ခဲ့​ပြီ ဖြစ်ပါတယ်။ [caption id="attachment_25635" align="alignleft" width="300" caption="ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားများ​"][/caption] အလား​တူ အခြား​ မြို့​နယ်နဲ့​ ​ကျေး​ရွာ​တွေမှာ​တော့​ ဒီထက် အ​ခြေအ​နေ အများ​ကြီး​ ဆိုး​ပါတယ်။ ​နေပြည်​တော်နဲ့​ နီး​တဲ့​ ​ကျေး​ရွာ​တွေမှာ၊​ ရန်ကုန်နဲ့​ တဖက်ကမ်း​ ​ကျေး​ရွာ​တွေမှာ လျှပ်စစ်မီး​ မ​ရောက်တဲ့​ ​နေရာ​တွေကလည်း​ အများ​ကြီး​ပါ။ အရင်က ဒီကိစ္စ​တွေကို ဘယ်လိုမှ ထုတ်​ဖော်​ပြောဆိုခွင့်​ မရှိခဲ့​လို့​ မ​ပြောခဲ့​ကြ​ပေမယ့်​ အခု နည်း​နည်း​လေး​ ပွင့်​လင်း​လာတဲ့​အခါ ပြည်သူ​တွေ ​ပြောလာဆိုလာ၊​ ဆန္ဒ ထုတ်​ဖော်လာကြပါပြီ။ လက်ရှိ အစိုး​ရအ​နေနဲ့​ကလည်း​ အရင် စစ်အစိုး​ရရဲ့​ ဆိုး​မွေကို လက်ခံရယူခဲ့​ရတဲ့​နည်း​တူ ဒီပြဿနာကို လတ်တ​လော ​ရေတို ​ဖြေရှင်း​နိုင်မယ့်​ နည်း​လမ်း​ မရှိ​သေး​ပါဘူး​။ ​ရေအား​လျှပ်စစ်က မလုံ​လောက်၊​ ဂက်စ်​တွေကိုလည်း​ နိုင်ငံခြား​ ​ရောင်း​စား​ထား​ပြီး​ ပြည်တွင်း​က ဂက်စ်တာဘိုင်​တွေ အတွက်ကို​တော့​ ဂက်စ်က မ​ပေး​နိုင်နဲ့​ မရှူနိုင်မကယ်နိုင် ဖြစ်​နေတဲ့​ အ​နေအထား​ပါ။ အခြား​တဖက်မှာလည်း​ လျှပ်စစ်ဝန်ကြီး​ဌာန ဝန်ထမ်း​တွေ အဂတိ လိုက်စား​တာ​တွေ၊​ စီမံခန့်​ခွဲမှု ညံ့​ဖျင်း​တာ​တွေ၊​ မီတာခ တိုး​မြှင့်​ကောက်ခံလိုက်တာ​တွေကလည်း​ မီး​လောင်ရာ​လေပင့်​ ဖြစ်​စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ​တွေရဲ့​ ဒီလို ဆန္ဒထုတ်​ဖော်ပွဲ​တွေ အခြား​မြို့​ရွာ​တွေဆီ ကူး​စက်သွား​ဖို့​ ရှိ​နေပါတယ်။ အလုပ်သမား​တွေရဲ့​ လုပ်ခလစာ တိုး​မြှင့်​ရေး​ ​တောင်း​ဆို ဆန္ဒပြပွဲ​တွေကလည်း​ အလား​တူပါပဲ။ အရင် စစ်အစိုး​ရလက်ထက်က လာဘ်ယူမှု​တွေ လုပ်ပြီး​ သူ​ဌေး​တွေကို စက်ရုံ​ထောင်ခွင့်​ပေး​၊​ အလုပ်သမား​တွေရဲ့​ ရပိုင်ခွင့်​တွေကို နည်း​နည်း​လေး​မှ ဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်ကြီး​ အမြတ်ထုတ် ​သွေး​စုပ်ခွင့်​ပေး​ထား​တဲ့​ ပြဿနာ​တွေဟာ ခုချိန်မှာ တခုပြီး​ တခု ​ပေါ်​ပေါက်လာတာ ဖြစ်ပါတယ်။ တ​နေ့​ အလုပ်ချိန် ၈ နာရီ၊​ တပတ် ၅ ရက်အတွက် အ​ခြေခံကြမ်း​ခင်း​လစာကို ကျပ် ၁ ​သောင်း​တောင် မ​ပေး​ဘဲ၊​ ဖြတ်ချင်ဖြတ်၊​ ​ပေး​ချင်​ပေး​ လုပ်လို့​ရတဲ့​ ရက်မှန်​ကြေး​၊​ အချိန်ပို​ကြေး​၊​ ဆု​ကြေး​ စတာ​တွေ နည်း​နည်း​ပါး​ပါး​ပေး​ပြီး​ လိုက်နာရခက်ခဲတဲ့​ စည်း​ကမ်း​တွေထုတ်၊​ စည်း​ကမ်း​ချိုး​ဖောက်တယ် ဆိုပြီး​ လစာ​ငွေကဖြတ် စတဲ့​ နည်း​ပေါင်း​စုံနဲ့​ အလုပ်သမား​တွေကို ဖိနှိပ်​ခေါင်း​ပုံဖြတ်​နေတာ ကြာလှပြီဖြစ်ပါတယ်။ ဒီအတွက် လုပ်ခ တိုး​မြှင့်​ပေး​ရေး​၊​ လုပ်ငန်း​ခွင် အ​ခြေအ​နေ တိုး​တက်​ရေး​ စတာ​တွေ ​တောင်း​ဆိုဆန္ဒပြပွဲ​တွေ ဆက်တိုက်ဖြစ်​ပေါ်လာ​နေပြီး​ ​နောက်ထပ် ဆက်ဖြစ်လာဖို့​ အလား​အလာ ရှိ​နေပါ​သေး​တယ်။ လယ်ယာ​မြေအသိမ်း​ခံရတဲ့​ လယ်သမား​တွေအ​ရေး​ကလည်း​ ထို့​နည်း​လည်း​ကောင်း​ပါပဲ။ ဟို​နေရာ ဒီ​နေရာမှာ တန်း​စီ ဆန္ဒပြပွဲ​တွေ၊​ သတင်း​စာရှင်း​လင်း​ပွဲ​တွေ၊​ လယ်ထဲ အတင်း​ဝင်တာ​တွေ စသဖြင့်​ ခပ်စိပ်စိပ်​လေး​ ဖြစ်​ပေါ်​နေပါတယ်။ ​လော​လောဆယ် အချိန်အထိ ဒီလို ပုံစံအမျိုး​မျိုး​ရှိတဲ့​ လူထု မ​ကျေနပ်ချက် ထုတ်​ဖော်ဆန္ဒပွဲ​တွေဟာ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​နဲ့​ ဖြစ်​ပေါ်​နေသလို အစိုး​ရအဖွဲ့​ကလည်း​ အကြမ်း​ဖက် နှိမ်နင်း​တာမျိုး​ တား​ဆီး​တာမျိုး​တွေ​တော့​ မ​တွေ့​ကြရ​သေး​ပါဘူး​။ ဒါ​ပေမယ့်​ ဘယ်လိုပဲဖြစ်ဖြစ် ဆင်း​ရဲတွင်း​ နက်သထက်နက်၊​ စား​ဝတ်​နေ​ရေး​ ကျပ်တည်း​သထက် ကျပ်တည်း​လာတဲ့​ ပြည်သူ​တွေအ​နေနဲ့​ ​နောက်ထပ် ဆန္ဒပြပွဲ​တွေ ဆက်လုပ်လာနိုင်သလို အာဏာပိုင်​တွေဘက်က အကြမ်း​ဖက်နှိမ်နင်း​လာရင် လူထုအုံကြွမှု အဆင့်​မျိုး​အထိလည်း​ ​ရောက်​ကောင်း​ ​ရောက်သွား​နိုင်ပါတယ်။ ဒါ​တောင် ဒီလူထု ဆန္ဒပြပွဲ အ​သေး​လေး​တွေဟာ လူ​တွေ ကိုယ့်​နစ်နာချက်​ကြောင့်​ ကိုယ့်​ဘာသာကိုယ် ​ဖော်ထုတ်​နေတဲ့​ အဆင့်​ပဲ ရှိပါ​သေး​တယ်။ ဒါ​တွေကို အစိုး​ရအဖွဲ့​က မ​ဖြေရှင်း​ပေး​နိုင်ရင်၊​ လွှတ်​တော်ထဲမှာလည်း​ အ​ဖြေမရှာနိုင်ရင် ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေနဲ့​ အန်အယ်လ်ဒီလို အတိုက်အခံ နိုင်ငံ​ရေး​အင်အား​စု​တွေရဲ့​ ​ခေါင်း​ဆောင်​ပေး​မှု​တွေကိုလည်း​ ကြုံရနိုင်ပါတယ်။ အခြား​တဖက်က ကြည့်​ပြန်ရင်လည်း​ အစိုး​ရအဖွဲ့​မှာ ဒီလို လူထု ဆန္ဒပြပွဲ​တွေကို ဥပ​ဒေနဲ့​ စည်း​ကမ်း​ နည်း​လမ်း​တကျ ​ဖြေရှင်း​ပေး​နိုင်မယ့်​ စနစ်တကျ ​လေ့​ကျင့်​ထား​တဲ့​ အဓိကရုဏ်း​နှိမ်နင်း​ရေး​ ရဲတပ်ဖွဲ့​ ဆိုတာမျိုး​တွေလည်း​ ပြင်ဆင်မထား​တဲ့​ အချက်ဖြစ်ပါတယ်။ တစုံတခု ဖြစ်လာရင် အရင်တုန်း​ကလိုပဲ စစ်တပ်က ​သေနတ်နဲ့​ ဝင်​ဖြေရှင်း​ပေး​ဦး​မလား​ ဆိုတဲ့​ စိုး​ရိမ်ရမှာ​တွေလည်း​ ရှိ​နေပါတယ်။ ဒီအတွက် ၂၀၁၅ မ​ရောက်ခင် လာမယ့်​ ၂၀၁၂ အကုန်၊​ ၂၀၁၃၊​ ၂၀၁၄ ဆိုတာ​တွေဟာလည်း​ ခက်ခက်ခဲခဲ ဖြတ်​ကျော်ရမယ့်​ နှစ်​တွေ ဖြစ်လာနိုင်ပါတယ်။ ဒီအတွက် ပြည်ပ အကဲခတ်​တွေ စိတ်ဝင်တစား​ ​စောင့်​ကြည့်​ကြရမှာက ၂၀၁၅ ​ရွေး​ကောက်ပွဲ မဟုတ်ဘဲ ဒီနှစ်ကုန်ပိုင်း​က​နေ ၂၀၁၅ မ​ရောက်ခင် ဘာ​တွေ ဖြစ်လာနိုင်သလဲ ဆိုတဲ့​ ​မေး​ခွန်း​တွေသာ ဖြစ်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024