Live
Home
မြန်မာသတင်း
သုံးဆယ်မြို့က ဆန္ဒပြသူလူငယ်များကို ရဲက ထိုးကြိတ်
အေးနိုင်
·
May 25, 2012
ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်မြို့မှာ လျှပ်စစ်မီးရရှိရေး ဖယောင်တိုင်ထွန်းပြီး ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ရဲစခန်းမှူးက ၀င်ရောက် ထိုးကြိတ်တယ်လို့ ခံရတဲ့ ကိုအောင်မျိုးက ပြောပါတယ်။ ၂၄ ရက်နေ့ ည ၈ နာရီခွဲခန့်မှာ သုံးဆယ် တံတားပေါ်ကို ဖယောင်းတိုင်မီးတွေ ထွန်းညှိ ကိုင်ဆောင်ဆန္ဒပြတဲ့ သူတို့သူငယ်ချင်း ၅ ဦးကို ရဲယူနီဖောင်းဝတ် ၁၆ ဦးလောက်က တားမြစ်ပြီး ထိုးကြိတ်ခဲ့တာလို့ ကိုအောင်မျိုးက ပြောပါတယ်။ ကိုအောင်မျိုးက “ကျနော်တို့ကို တားတယ်ခင်ဗျ။ ရှေ့ဆက်သွားလို့ မရတော့ဘူး ပြောတယ်။ ပြီးလဲပြီးရော ရဲမှူး ဦးစိန်ထွေးကနေပြီးတော့ ကျနော်တို့ရဲ့ ဖယောင်းတိုင်တွေ ကို လက်နဲ့ချိုးပြီးတော့ ကျနော်တို့ကို ထိုးတယ်ခင်ဗျ။ ကျနော့်ရဲ့ ဘယ်ဘက်မျက်နှာကို ထိုးတယ်။ ကျနော့်သူငယ်ချင်း ဖိုးဇော်ရဲ့ ညာဘက်ဗိုက်ကို ဖိနပ်နဲ့ဆောင့်ကန်တယ်ခင်ဗျ၊ ကျနော်တို့မှာ ဒဏ်ရာတွေ ရထားပါတယ်ခင်ဗျ။ ကျနော်ရဲအုပ် ဦးစိန်ထွေးကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်” လို့ ပြောပါတယ်။ “ကျနော့်တို့ ဒီမိုကရေစီနိုင်ငံမှာ ကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ အလုပ်တွေကို ဒီလို အောက်လက်ငယ်သားတွေက လုပ်နေတယ်ဆိုတာ အထက်လူကြီးတွေသိအောင် တင်ပြပေးပါ။” ရဲအရာရှိ ဦးစိန်ထွေးနဲ့အတူ ပါလာတဲ့ အရပ်ဝတ်တဦးကလည်း ၀င်ရောက် ထိုးကြိတ်ခဲ့တယ်လို့ သူက ပြောပါတယ်။ ဒီလူငယ်တွေဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်တွေ ဖြစ်တယ် လို့ မြို့နယ်ပါတီခေါင်းဆောင် ဦးအောင်မြင့်က ပြောဆိုပြီး ဒီကိစ္စကို တိုင်တန်းမယ်လို့ ပြောပါတယ်။ “တရားလွန်ပေါ့ဗျာ။ ဥပဒေအပြင်ဘက်ကနေ လူငယ်တွေကို ရိုက်နှက်တာတွေ၊ ခြေထောက်နဲ့ ကန်တာတွေကို ကျနော်တို့က မကျေနပ်ဘူးဗျာ။ သက်ဆိုင်ရာဌာနတွေလည်း အကြောင်းကြားပြီးပြီ။ သတင်းတပ်ဖွဲ့ကတော့ လူငယ်တွေကို လာပြီးတော့ စစ်ဆေးနေတယ်” လို့ ပြောပါတယ်။ မနေ့မနက်ကလည်း ပဲခူးတိုင်း ပြည်မြို့မှာ လျှပ်စစ်မီးရရေးဆန္ဒပြသူ ခေါင်းဆောင်တွေကို ရိုက်နှက် ဖမ်းဆီးပြီး ထောင်တွင်းတရားရုံးမှာ တရားမ၀င် ဆန္ဒပြမှုနဲ့ တရားစွဲဆိုခဲ့ပြီး အမတ် ၄ ဦးက အာမခံပေးတဲ့အတွက် လွတ်မြောက်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024