Home
ဆောင်းပါး
မမနဲ့အတူကခုန်ရင်း ဖြစ်တည်လာတဲ့ ဝိဘဇ္ဇအတွေးများ
DVB
·
March 16, 2018
ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက မိခင်ကြီး မကျန်းမာနေတာ ပြုစုဖို့ မန္တလေးကို ခဏတာ ပြန်ဖြစ်ခဲ့တယ်။ ဘယ်မှမသွားဖြစ်ဘဲ အိမ်တွင်းပုန်းဘဝနဲ့ ၁၀ ရက်သာ နေခဲ့ပြီး အပြန်ခရီးမှာ မတွေ့ရတာ နှစ်အတော်ကြာပြီးမှ ပြန်ဆုံရတဲ့ ညီတော်မောင်က မန္တလေး-ရန်ကုန်တလျှောက်က နေ့ရှုခင်းတွေ သူ မကြည့်ရတာ အနှစ် ၃၀ ကျော်နေပြီမို့ နေ့အမြန်ရထားနဲ့ ပြန်ပါရစေဆိုတော့ လိုက်လျောပေးလိုက်တယ်။ လွန်ခဲ့တဲ့နှစ် ဒီအချိန်တုန်းကလည်း ညအမြန်ရထားစီးပြီး ပြန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရထားတွဲတွေက လေအိတ်တွေနဲ့ဆိုတော့ ရထားသံလမ်းတွေ မကောင်းသေးပေမယ့် ခုန်တော့ခုန်တယ်၊ ယိမ်းတော့ယိမ်းပေမယ့် နည်းနည်းသက်သာသေးတဲ့ အတွေ့အကြုံလေးရှိတော့ နေ့အမြန်ရထားလည်း  လေအိတ်တွဲတွေနဲ့ ဖြစ်နေလောက်ပါပြီလို့ မျှော်လင့်ရင်း စိတ်လှုပ်ရှားစွာ မန္တလေး ဘူတာကြီးဆီ မနက် ၅ နာရီသာသာလောက်မှာ ညီအစ်ကိုနှစ်ယောက် အမေ့အိမ်ကနေ ထွက်ခဲ့ကြတယ်။ ဒီနေရာမှာ စာဆက်မရေးခင် စာပလ္လင်ခံချင်တာတခု ရှိပါတယ်။ အခုရေးပြမယ့် ရည်ရွယ်ချက်ဟာ မမ(မြန်မာ့မီးရထား) ကို သိက္ခာချရန်မဟုတ်၊ တိုက်ခိုက်ဝေဖန်ရန် မဟုတ်ပါ။ လက်ရှိ ပြေးဆွဲနေတဲ့ နေ့အမြန်ရထားရဲ့ ခရီးသည် လိုအပ်ချက်အပေါ် မဖြည့်ဆည်းနိုင်တဲ့ ဝန်ဆောင်နိုင်မှု အရည်အသွေး နိမ့်ကျနေမှုနဲ့ ဘေးအန္တရာယ် ကင်းဝေးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အရည်အသွေး၊ ရထားတွဲစောင့်များရဲ့ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အရည်အသွေးမြှင့်တင်နိုင်ဖို့သာ ရည်ရွယ်ပါတယ်။ မန္တလေးကျုံးနဲ့ မနီးမဝေး ၇၈ လမ်းကို လမ်း ၃၀ က ဦးတိုက်ရာ အရပ်တည့်တည့်မှာ တည်ထားတဲ့ အရောင်အဆင်းပြယ်ပြီး မသန့်စင်လှတော့တဲ့ မန္တလေးဘူတာကြီးကို ရောက်တော့ အလယ်ပေါက်ကနေ မလည်ပတ်တဲ့ စက်လှေကားပေါ် တက်လျှောက်လာကြပြီး အလယ်စင်္ကြံရဲ့ မှိန်ပျပျ အလင်းရောင်အောက်မှာ အနံ့အသက် မကောင်း၊ အပြင်ပန်းရော အတွင်းပန်းမှာပါ အမြင်နွမ်းနေတဲ့ မမကို ဖျော့တော့ ညှိုးငယ်စွာ တွေ့လိုက်ရပါတယ်။ အတော်လေး စိတ်ထိခိုက်မိရင်း ညီအစ်ကိုနှစ်ယောက် ဝယ်ထားတဲ့ ရထားလက်မှတ်ကိုကြည့်ပြီး အထက်တန်းတွဲအမှတ် (၂) ပေါ် တက်လိုက်တော့ ကိုယ့်ထိုင်ခုံနံပါတ်နေရာမှာ စောင်ခြုံပြီးအိပ်နေတဲ့ တွဲစောင့်လူငယ်တယောက်ကို တွေ့ရတယ်။ သူ့ကို အသာလှုပ်နှိုးလိုက်တော့ စောင်ခွာပြီး အိပ်ချင်မူးတူးနဲ့ ဘာဖြစ်လို့လဲလို့ မေးပါတယ်။ “ဦးတို့ ထိုင်ခုံပါကွယ်” ဆိုတော့မှ ထလာပြီး ဘာမှမပြောဘဲ ထွက်သွားတာနဲ့ ပစ္စည်းတွေ နေရာချပြီး ကိုယ့်နေရာကိုယ် ထိုင်လိုက်ကြတယ်။ ရထားပေါ် တက်လိုက်တာနဲ့ ကြွက်လေးတွေက ဖြတ်ပြေးနေတာ တွေ့ရတယ်။ ပြေးမှာပေါ့၊ အမှိုက်ပုံးလည်း မထားနိုင်၊ သန့်ရှင်းရေး မနိုင်ရှာတာကိုး။ ပင့်ကူအိမ် တိုးလိုးတွဲလောင်း၊ အရောင်မှိန်မှိန် လိုက်ကာခန်းဆီးနဲ့ ထိုင်ခုံအဖုံးတွေ၊ ပန်ကာတချို့က ခလုတ်နှိပ်လည်း မလည်၊ ရထားတွဲအောက်က တုန်ခါမှုကို ထိန်းပေးတဲ့ (Shock Absorbers) တွေနဲ့ ရထားတွဲဆက်တွေဆိုတာ အတော်ဆိုးဆိုးဝါးဝါး အခြေအနေ ရောက်နေတာမို့ ဒီဇယ်စက်ခေါင်းက စဆွဲတာနဲ့ မိုးကြိုးခြိမ်းသံတမျှ အသံကြီး မြည်ဟိန်းလို့ သိမ့်ခနဲတုန်ပြီး စရွေ့ပါတော့တယ်။ မန္တလေးကနေ မနက်ခင်း ၆ နာရီက ထွက်လိုက်တာ ည ၉ နာရီမှ ရန်ကုန်ကို ဆိုက်ပါတယ်။ စုစုပေါင်း ၁၅ နာရီလောက် ကြီးစွာသောဝဋ်ဒုက္ခ ခံခဲ့ရပေမယ့် ကိုယ်အလေးချိန် ၂ ကီလိုလောက် ကျသွားတယ် ထင်ပါရဲ့။ မကျခံနိုင်ရိုးလား၊ တွဲဟောင်းတွေမို့ ထင်ပါရဲ့။ အထက် အောက် ခုန်တာက ၆ လက္မလောက်၊ ဘယ်ညာ ဘေးတိုက်ယိမ်းတာက ၂၀ ဒီဂရီလောက် ရှိမယ်ထင်ပါရဲ့။ ကိုယ်လေးလက်ဝန် အရင့်အမာရှိတဲ့ ကိုယ်ဝန်သည်များ ဒီရထားမျိုးစီးမိရင် ကလေးပျက်ကျလောက်တယ်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးသမား ဆေ့ဖ်တီးစကားနဲ့ ပြောရရင် စွန့်စားမှု ညွှန်းကိန်းက အနီရောင်အဆင့် ရောက်နေလောက်ပြီ ထင်ပါတယ်။ ခရီးသွားပြည်သူတွေကို အန္တရာယ်မဖြစ်အောင် အဲဒီတွဲဟောင်းတွေကို ချက်ချင်းဆွဲထုတ်ပြီး အန္တရာယ်ဖြစ်နိုင်မှု အကဲဖြတ်စစ်ဆေးခြင်း (Risk Assessment) လုပ်ပြီး လိုအပ်ရင် အဲဒီလိုတွဲတွေ အသုံးပြုနေတာကို ရပ်ဆိုင်းသင့်ပြီ ထင်ပါတယ်။ ရန်ကုန်-မန္တလေး ရထားလမ်းဟာ ရှမ်းရိုးမနဲ့ ပဲခူးရိုးမဆိုတဲ့ ရိုးမတောင်တန်း ၂ ခုကြားမှာ အလျားလိုက် ဖြတ်ဖောက်ထားတဲ့လမ်း ဖြစ်တာမို့ မျက်တောင်မခတ်ရဲအောင် လှပတဲ့ သက်ရှိပန်းချီကားချပ်တွေ တချပ်ပြီးတချပ် မြင်တွေ့ရှုစားနိုင်တဲ့ ရထားခရီးစဉ်ဖြစ်တာ စီးဖူးသူတိုင်း သိပါတယ်။ ဒါကြောင့်မို့လို့လည်း ဟိုတခေတ်တခါက ရွှေမန်းမေ၊ ဒဂုံလွင် စတဲ့ အမည်လေးတွေနဲ့ မမ(မြန်မာ့မီးရထား) ကို စီးဖူးသူတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြတာပါ။ အဲဒီခေတ်က ရထားပေါ်မှာ နိုင်ငံခြားသား ခရီးသွားတွေလည်း လိုက်ပါစီးနင်းကြပါတယ်။ အဝေးဆီက သင်တိုင်းပြာဝတ် တောင်တန်းကြီးတွေ ခြံရံလို့ ထန်းတောအုပ်အုပ်၊ တမာ၊ ထနောင်း၊ ရှားစောင်း ဆူးခြုံကန္တာရပင်တွေ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတတ်တဲ့ အထက်အညာရှုခင်းတွေ၊ မန်ကျည်းပင်အုပ်အုပ်၊ ဆီးပင်အုပ်အုပ်၊ သရက်ပင်ညို့ညို့တွေနဲ့ မြေလတ်ပိုင်းရှုခင်းတွေ၊ တမျှော်တခေါ် စိမ်းရောင်စိုလယ်ကွင်းတွေ၊ စိုက်ခင်းတွေနဲ့ အောက်အကြေအရပ်က ရှုမျှော်ခင်းတွေကို မရိုးနိုင်အောင် ကြည့်ရှုခံစားနိုင်တဲ့ အလွန်အံ့သြဖွယ်ရာကောင်းတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ အပြင်ရှုခင်း ကြည့်လို့မရအောင် ရထားပြတင်းပေါက်ကို တဝက် အသေကာထားတော့ ခရီးသည်တွေမှာ လည်ပင်းတွေကို ငှက်ကုလားအုပ်ကြီးတွေလို ဆန့်ပြီး စောင်းကြည့်ရတော့ ဇက်စောင်း ဇက်နာ ဖြစ်ကြရပါတယ်။ တခါ ညောင်းလို့ ထိုင်ခုံလက်ရန်းပေါ် ထိုင်ကြည့်တော့လည်း ကိုယ်ကိုင်းပြီး ကြည့်ရတာ အဆင်မပြေဘူး။ ခါးညောင်း ခါးနာ ဖြစ်ရပြန်တယ်။ ဘယ်ဉာဏ်ကြီးရှင်က တီထွင်ပြီး ကာလိုက်သလဲတော့ မသိပါဘူး။ ခရီးသည်တွေ သိပ်ဒုက္ခရောက်ကြရပါတယ်။ ဘူတာနာမည်ကလည်း မကြေညာတော့ ကိုယ်ကိုင်းကိုင်းပြီး ထကြည့်ရတော့ ခရီးသည်တွေမှာ ထောင်ရထားကြီး  စီးနေရသလိုပါပဲ။ ရထားထွက်စမှာ တွဲစောင့်လူငယ်က ထိုင်ခုံမပြည့်တဲ့တွဲပေါ် ပါလာတဲ့ ခရီးသည်တွေထဲက လက်မှတ်မဖြတ်ဘဲ လူပိုခေါ်လာတဲ့ ခရီးသည်တချို့ကို ပိုက်ဆံလိုက်ကောက်ပါတယ်။  ပြီးတော့ ရေသန့်တဘူးစီ လိုက်ဝေပြီးတဲ့နောက် ပျောက်သွားလိုက်တာ၊ လက်မှတ်စစ်တွေ တက်လာတော့ ပါလာပြီး ဘူတာက လက်မှတ်ဝယ်ထားသူတွေထံက လက်မှတ်စစ်ဆေးပေမယ့် ကြားဘူတာက တက်လာတဲ့ လက်မှတ်မပါတဲ့ ခရီးသည်တွေကို စစ်ဆေးမှုမပြုတာ သတိပြုမိပါတယ်။ သူတို့က ဘူတာ ၄ ဘူတာလောက်ထိသာ လက်မှတ်စစ်ဆေးပြီး ပေါ်မလာတော့ပါဘူး။ ကျန်တဲ့ခရီးလမ်းက ဘူတာက တက်လာသမျှ ခရီးသည်တချို့ဟာ လက်မှတ်မဝယ်ဘဲ တက်လာကြပြီး အဲဒီအခါမှာ တွဲစောင့်လူငယ်လေးဟာ မိုးပေါ်ကကျလာတဲ့ နတ်မင်းတပါးလို ရုတ်တရက် ပေါ်လာပြီး သူတို့ထိုင်ရမယ့်ခုံကို လိုက်လံပြသ နေရာချပေးပါတယ်။ ဒါဆိုရင် ဘာကြောင့် တခြားနိုင်ငံတွေမှာ အမြတ်အစွန်းရတဲ့ ရထားပို့ဆောင်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံမှာ အရှုံးပေါ်နေရတယ်ဆိုတာ ရှင်းသွားပါတယ်။ ဒီလိုနဲ့ ရှုခင်းလည်း ကောင်းကောင်းမကြည့်ရ၊ ဘူတာရပ်တာက ၁ မိနစ်၊ ၂ မိနစ်ဆိုတော့ ၁၅ နာရီကြာတဲ့ ခရီးစဉ်မှာ ကိုယ့်ဝမ်းမခိုင်တတ်တာ ကိုယ်သိတော့ ရထားပေါ်လာရောင်းတဲ့ လက်ပွေ့ဈေးသည်တွေဆီက ရတတ်သမျှ ပူပူနွေးနွေး ကြက်ဥပြုတ်၊ မြေပဲပြုတ်၊ ပြောင်းဖူးပြုတ်တွေသာ ဝယ်စားရင်း ညီအစ်ကိုနှစ်ယောက် အတွေ့အကြုံတွေ ဖလှယ်ရင်း အရမ်းခုန်တဲ့ မန်းဒဂုံရထားကြီးပေါ်မှာ (မမ) နဲ့အတူ ၁၅ နာရီကြာ ကခုန်ခဲ့ရပါတော့တယ်။ ရထားပို့ဆောင်ရေးတို့၊ ကုန်းလမ်း ရေလမ်း ပို့ဆောင်ရေး ဆိုတာဟာ တိုင်းပြည်တပြည်ရဲ့ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေနဲ့ အလားသဏ္ဌာန်တူပါတယ်။ ဒီသွေးကြောတွေ စီးဆင်းမှု နှေးကွေးနေရင် ခန္ဓာအိမ်ကြီး ထိုင်းမှိုင်းသလို ကုန်စည်စီးဆင်းမှုတွေ နှေးကွေးပြီး နိုင်ငံရဲ့ စီးပွားရေးလည်း ထိုင်းမှိုင်းတော့တာပေါ့။ တကယ်တော့ မြန်မာ့မီးရထားနဲ့ ပို့ဆောင်ဆက်သွယ်ရေးဌာနမှတင် အခုလို အဘက်ဘက်က အရည်အသွေး နိမ့်ကျသွားတာ မဟုတ်ပါဘူး။ မှားယွင်းတဲ့ အုပ်ချုပ်ပုံစနစ်နဲ့ စိတ်ဓာတ်မမှန်တဲ့ အာဏာရှင်တွေလက်အောက် နှစ်ပေါင်း ၇၀ ကျော် အလူးအလိမ့် ခံခဲ့ရတော့ ရှိရှိသမျှ ဌာနဆိုင်ရာတွေနဲ့ လူ့အဖွဲ့အစည်းကြီးတရပ်လုံး ရုပ်ပိုင်း၊ စိတ်ပိုင်း ကိုယ်ကျင့်သီလနဲ့တကွ ကဏ္ဍအသီးသီးမှာ ချွတ်ခြုံကျ နိမ့်ဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ စံရည်မီ ပြုပြင်ထိန်းသိမ်းမှုစနစ် ဒီဆောင်းပါးမှာ အဓိက ပြောချင်တာက ပြုပြင်ထိန်းသိမ်းမှု အကြောင်းပါ။  ယေဘုယျအားဖြင့် ပြုပြင်ထိန်းသိမ်းရေး (Maintenance) အမျိုးအစား ၅ မျိုး ရှိပါတယ်။ အဲဒါတွေကတော့... (၁) ပျက်မှ ပြင်တဲ့ ပြုပြင်ထိန်းသိမ်းရေး (Corrective Maintenance)၊ (၂) မပျက်ခင် ကာကွယ်တဲ့  ပြုပြင်ထိန်းသိမ်းရေး (Preventive Maintenance)၊ (၃) ကြိုတင်ခန့်မှန်းပြင်တဲ့ ပြုပြင်ထိန်းသိမ်းရေး (Predictive Maintenance)၊ (၄) မောင်းနှင်မှု ရပ်ဆိုင်းတဲ့ အပြည့်အစုံ ပြုပြင်ထိန်းသိမ်းရေး (Zero Hours Maintenance (Overhaul)၊ (၅) အချိန်ဇယားဆွဲ ပြုပြင်ထိန်းသိမ်းရေး (Periodic Maintenance) တို့ပဲ ဖြစ်ပါတယ်။ အထက်ပါ ပြုပြင်ထိန်းသိမ်းရေး ၅ မျိုးအနက်က တခုတည်းကိုပဲ ရွေးသုံးလို့ မရပါဘူး။ လုပ်ငန်းအမျိုးအစား၊ မောင်းနှင်လည်ပတ်ပြီး အသုံးပြုနေရတဲ့ စက်ယန္တရား ကိရိယာ သဘောသဘာဝတွေအပေါ် မူတည်ပြီး သင့်တော်တဲ့ ပြုပြင်ထိန်းသိမ်းရေး အမျိုးအစားတွေကို ပေါင်းစပ် တွဲဖက်သုံးရတဲ့ ပုံစံ (Maintenance Model) ကို ရွေးချယ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ စက်ယန္တရားတွေနဲ့ ဝန်ဆောင်မှုပေးရာမှာ အသုံးပြုနေတဲ့ အထောက်အကူပြုပစ္စည်း အသုံးအဆောင်တွေရဲ့ ကြံ့ခိုင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးကို ဆောင်ရွက်ရာမှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ထိန်းသိမ်းရေးပုံစံမှာလည်း လေးမျိုး လေးစား သတ်မှတ်နိုင်ပါတယ်။ (၁) ပျက်ရင်ပြင်တဲ့ ပြုပြင်ထိန်းသိမ်းမှုပုံစံ (Corrective Model) အခြေခံကျပြီး အသုံးများတဲ့ပုံစံ ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ဝင်ငွေမထိခိုက်နိုင်တဲ့ အဓိကမကျတဲ့ အထောက်အကူပြု ပစ္စည်းကိရိယာတွေကို ပြုပြင်ထိန်းသိမ်းရာမှာ အသုံးပြုတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ (၂)  အခြေအနေအရင်းခံ ပြုပြင်ထိန်းသိမ်းမှုပုံစံ (Conditional Model) ဒီပုံစံက ပျက်ဖို့ အခွင့်အလမ်းနည်းပါးတဲ့ စက်ပစ္စည်းယန္တရားတွေကို ပြုပြင်ထိန်းသိမ်းရာမှာ သုံးတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ (၃) နည်းစနစ်ကျ ပြုပြင်ထိန်းသိမ်းမှုပုံစံ (Systematic Model) ဒီပုံစံက နည်းစနစ်တကျ စမ်းသပ်စစ်ဆေးစိစစ်ပြီး ဆောင်ရွက်တဲ့ ပြုပြင်ထိန်းသိမ်းတဲ့ပုံစံ ဖြစ်ပါတယ်။ မကြာခဏ အသုံးပြုရပြီး အရေးပါတဲ့ စက်ပစ္စည်းယန္တရားတွေကို ပြုပြင်ထိန်းသိမ်းရာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ (၄) အခရာကျ အသုံးများပစ္စည်းများ ပြုပြင်ထိန်းသိမ်းမှုပုံစံ (High Availablility Maintenance Model) ဒီပုံစံက အရေးပါ အသုံးများပြီး အပျက်မခံနိုင်တဲ့ စက်ပစ္စည်းယန္တရားတွေကို ပြုပြင်ထိန်းသိမ်းရာမှာ အသုံးပြုတဲ့ပုံစံ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် တန်ဖိုးရှိပြီး မြန်မာနိုင်ငံမှာ ယနေ့အချိန်အထိ အကြီးမားဆုံး အိမ်ရာစီမံကိန်းများအနက် တခုဖြစ်မယ့် ရန်ကုန်ဘူတာကြီး ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကို ဆောင်ရွက်ဖို့ မြန်မာ၊ တရုတ်နဲ့ စင်ကာပူလုပ်ငန်းတွေကို ပေါင်းစည်းထားတဲ့ လုပ်ငန်းစုကို မြန်မာ့မီးရထားက ရွေးချယ်လိုက်တဲ့ သတင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ Frontier Myanmar အွန်လိုင်းမီဒီယာမှာ ဖတ်လိုက်ရပါတယ်။ စင်ကာပူမှာ စာရင်းသွင်းထားတဲ့ Oxley Holdings ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါ လုပ်ငန်းစုမှာ မြန်မာနိုင်ငံက Min Dhama နဲ့ တရုတ်နိုင်ငံက Sino Great Wall တို့ ပါဝင်ပြီး စီမံကိန်းအတွက် နှစ်သက်ဖွယ် အဆိုပြုသူအဖြစ် ရွေးချယ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ စီမံခန့်ခွဲအုပ်ချုပ်ပုံစနစ် (Management System) ဒီနေရာမှာ အရေးကြီးတဲ့အပိုင်းက ဘယ်လောက်ကောင်းတဲ့ စီမံကိန်းတွေနဲ့ တည်ဆောက် တည်ဆောက်၊ ဘတ်ဂျက်တွေ ဘယ်လောက်သုံးသုံး၊ ခေတ်မီနည်းပညာတွေ ဘယ်လိုသုံးသုံး အဲဒီလုပ်ငန်းဆောင်တာ အဆောက်အုံယန္တရား ပစ္စည်း ဝန်ဆောင်မှု အရာအားလုံးကို တာရှည်ခံပြီး စွမ်းရည်ပြည့် အသုံးချ ဝန်ဆောင်မှုပေးနိုင်ဖို့ စံရည်မီတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်ပုံစနစ်မရှိရင် နှစ်အနည်းငယ်ကြာတာနဲ့ အမှိုက်ပုံကြီး ဖြစ်သွားတတ်တယ် ဆိုတာပါပဲ။ အဲဒီအခါမှာ သုံးစွဲခဲ့ရတဲ့ ပြည်သူ့ဘဏ္ဍာတွေလည်း အဟောသိကံဖြစ်ပြီး ဆုံးရှုံးနစ်နာရပါလိမ့်မယ်။ ဘာကြောင့်လို့လဲဆိုတော့ စံရည်မီတဲ့ စီမံခန့်ခွဲအုပ်ချုပ်ပုံစနစ် (Management System)  ထဲမှာ စံရည်မီ ပြုပြင်ထိန်းသိမ်းမှုစနစ် (Maintenance Regime) တရပ် စနစ်တကျ ပါဝင်ရုံသာမက စံရည်စံညွှန်းတွေကနေ လမ်းမချော်သွားအောင် ကြိုတင် ပြင်ဆင် - စီမံရေးဆွဲ - အကောင်အထည်ဖော် - စစ်ဆေး (Plan - Do - Act - Check)  ဆိုတဲ့ စဉ်ဆက်မပြတ် လည်ပတ်တိုးတက်ရေး လုပ်ငန်းစဉ်စက်ဝန်းတရပ်နဲ့ ထိန်းကျောင်းထားလို့ပါပဲ။ တကယ်တော့ နိုင်ငံတကာ စံရည်မီတဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်ပုံစနစ်ဆိုတာ လုပ်ငန်းဆောင်တာအလိုက် အမျိုးမျိုးခေါ်ဆိုပြီး အသုံးချနေကြပေမယ့် အတွင်းသား အနှစ်သားဖြစ်တဲ့ စနစ်တကျ စံရည်မီ စီမံခန့်ခွဲ အုပ်ချုပ်ထိန်းကျောင်းမှုကတော့ အတူတူပါပဲ။ လုပ်ငန်းခွင် အုပ်ချုပ်ပုံစနစ် (Work Management System)၊ အရည်အသွေးဆိုင်ရာ အုပ်ချုပ်ပုံစနစ် (Quality Management System)၊ အန္တရာယ်ကင်းဝေးရေးဆိုင်ရာ အုပ်ချုပ်ပုံစနစ် (Safety Management System) စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ အဲဒီလို စံရည်မီတဲ့ စီမံအုပ်ချုပ်ပုံစနစ် မရှိတဲ့၊ ရှိပေမယ့် မျက်နာဖုံးစွပ်ရုံလေး စွပ်ထားပြီး လက်တွေ့အသုံးမချတဲ့ ဘယ်လိုအဖွဲ့အစည်း၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီမျိုးမဆို လေလွင့်ဆုံးရှုံးမှုတွေ မလိုအပ်ဘဲ ထပ်တလဲလဲ ကြုံနေကြရမှာ ဖြစ်သလို သုံးစွဲသူတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးပြီး နာမည်ပျက် နာမည်ဆိုးရလို့ ပျက်စီးရတတ်ပါတယ်။ နိုင်ငံတကာ စံရည်စံညွှန်းအဖွဲ့ (International Organization for Standardization) ရဲ့ အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်ပုံစနစ် (Quality Management System ISO 9001:2015 ) မှာ အခြေခံဥပဒေသ ၇ ရပ် ပါဝင်ပါတယ်။ (၁) သုံးစွဲသူတွေအပေါ် ဗဟိုချက်ထားခြင်း (Customer Focus)၊ (၂) ဦးစီးခေါင်းဆောင်မှု (Leadership)၊ (၃) အားလုံးနဲ့ ထိတွေ့ဆက်ဆံမှု (Engagement of People)၊ (၄) လုပ်ငန်းစဉ်အပေါ် အခြေခံချဉ်းကပ်မှု (Process Approach)၊ (၅) တိုးတက်အောင် ဆောင်ရွက်မှု (Improvement)၊ (၆) အထောက်အထား အခြေခံသော ဆုံးဖြတ်မှု (Evidence-Based Decision-Making) နဲ့ (၇) ဆက်နွှယ်ပေါင်းကူး စီမံခန့်ခွဲမှု (Relationship Management) တို့ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ခရီးသွား လုပ်သားပြည်သူတွေကို ဝန်ဆောင်မှုပေးရတဲ့ လူပုဂ္ဂိုလ်တွေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ တာဝန်ပျက်ကွက်ကြတာ၊ တာဝန်မကျေကြတာဟာ စံရည်မီတဲ့ အုပ်ချုပ်ပုံစနစ် မရှိတာကြောင့် ဖြစ်နိုင်သလို ကောင်းမွန်မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်ရှိပေမယ့် ထိပ်တန်းအုပ်ချုပ်သူတွေက အဲဒီ အုပ်ချုပ်ပုံစနစ်ကို အသက်ဝင်အောင် မစီမံ မခန့်ခွဲကြတာဖြစ်ဖြစ်၊ မစီမံတတ်တာလည်း ဖြစ်နိုင်ပါတယ်။ အဓိကပြောချင်တာက ပြည်သူ့ဘဏ္ဍာ ငွေကြေးတွေ အမြောက်အမြား သုံးစွဲလို့ အဖိုးတန် စီမံကိန်းကြီးတွေကို ချမှတ် အကောင်အထည်ဖော်ရာမှာ စံရည်မီတဲ့ အုပ်ချုပ်ပုံစနစ် မပါဝင်ဘူး၊ ဒါမှမဟုတ် အရောင်ပြ ထည့်ပြီး အသက်ဝင်အောင် မစီမံဘူးဆိုရင် ပြည်သူ့ဘဏ္ဍာငွေကြေးတွေကို အဟောသိကံဖြစ်အောင် ဖြုန်းတီးပစ်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေ၊ ပြည်သူပိုင်ငွေကြေး လခရိက္ခာယူပြီး ပြည်သူကို ဝန်ဆောင်မှု ပေးနေရတဲ့ အစိုးရဌာနဆိုင်ရာတွေ၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေရတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေး တာဝန်ယူနေရတဲ့ အဖွဲ့အစည်းတွေရဲ့ ထိပ်တန်းအရာရှိကြီးတွေ၊  ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေအားလုံးကို ဒီဆောင်းပါးနဲ့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်လို့ ပြောပြော၊ ပြည်သူ့ဘဏ္ဍာလို့ ခေါ်ခေါ်၊ လူထုပိုက်ဆံတွေ ဘယ်လောက်သုံးသုံး စံရည်မီတဲ့ အုပ်ချုပ်ပုံစနစ် (Management System) မရှိရင် ကြွက်တွင်းထဲ ရေဖြည့်သလို အလဟဿ ဖြစ်သွားမှာကို သတိပြုကြပါ။ မိမိတို့ ဆိုင်ရာဌာနတွေရဲ့ Management System ပြင်နိုင်အောင် ပထမ ကိုယ်ကိုယ်တိုင်က နားလည်အောင် လေ့လာပါ။ ပြီးရင် စနစ်ပြင်နိုင်အောင် မိမိကနေစပြီး ပထမခြေလှမ်းအနေနဲ့ အထက်အဆင့်ဆင့်ကို တိုက်တွန်းအကြံပြုကြပါလို့ နှိုးဆော် မေတ္တာရပ်ခံပါတယ်။ မိမိတို့အဖွဲ့အစည်း အသင်းအပင်း ဌာနဆိုင်ရာအားလုံးရဲ့ လက်ရှိအုပ်ချုပ်ပုံစနစ်ကို အလေးအနက် ပြန်လည်စစ်ဆေး သုံးသပ်ကြပါ။ စံရည်မီတဲ့ အုပ်ချုပ်ပုံစနစ် ဟုတ် မဟုတ်၊ ပြည်သူကို အလုပ်အကျွေးပြုရမယ့် ရည်မှန်းချက်ကနေ သွေဖည်မှု ရှိ၊ မရှိ စနစ်တကျ သုံးသပ်ပြီး အမှန်တကယ် ပြောင်းလဲအောင် ဆောင်ရွက်ကြပြီး ပြည်သူတွေက သာဓုခေါ်နိုင်အောင်  ကောင်းသောကုသိုလ်ကံတွေ ပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024