ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံပြန်တင်
နန်းမြနဒီ
·
May 25, 2012
ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့  ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ပါတီ မှတ်ပုံတင် လိုက်ပြီဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါ် ကျားခေါင်းပါတီဟာ မေလ ၈ ရက်နေ့က ပါတီထူထောင်ခွင့် ကျထားပြီးဖြစ်တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီသွားပြီး ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တာပါ။
ပါတီခေါင်းဆောင်တွေကိုယ်တိုင် နေပြည်တော်ကို သွားရောက်ပြီး ပါတီတည်ထောင်လိုသူ အဖွဲ့ဝင် ၁၅ ဦး အမည်စာရင်းနဲ့အတူ မှတ်ပုံသွားတင်ခဲ့တယ်လို့ ပါတီပြောရေးဆိုခွင့် ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။
“မေလ ၂၃ ရက်နေ့မှာ ကျနော်တို့ ပါတီ ပထမ ခေါင်းဆောင် ခွန်ထွန်းဦးနဲ့ ဒုတိယ ခေါင်းဆောင် စိုင်းညွန့်လွင်တို့ ကိုယ်တိုင် နေပြည်တော် ကော်မရှင်ရုံးကို သွားတင်ခဲ့ပါတယ်။ သွားတင်တဲ့နေ့ ကတော့ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။ အလွန်ဆုံးကြာလှ ၁ လပဲ ကြာမယ်၊ ၁ လအတွင်း ကျမယ်ဆိုတဲ့ ကတိစကား ကြားသိခဲ့ရပါတယ်။”
ပါတီလျှောက်လွှာတင်ရာမှာ အမှတ်တံဆိပ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ကျားခေါင်းပုံနဲ့ ၀ါစိမ်းနီ ပါတီအလံ၊ ပါတီအမှတ်တံဆိပ်တွေပဲ ပြန်တင်ထားပါတယ်။
[caption id="attachment_25899" align="alignleft" width="299" caption="ဦးစိုင်းလိတ်"]
[/caption]
ပါတီ ရည်ရွယ်ချက်၊ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဦးစိုင်းလိတ်က “ပါတီမူဝါဒတွေက စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ် လာရေး။ တိုင်းရင်းသားအားလုံး နိုင်ငံရေးအရသော် လည်းကောင်း၊ စီးပွားရေးအရသော် လည်းကောင်း၊ လူမှုရေးအရသော် လည်းကောင်း အခြား အခြားသော တိုင်းရင်းသား အားလုံးနဲ့ တန်းတူညီမျှ ရရှိရေး။ တန်းတူညီမျှမှု နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်တွေကို အခြေခံ ဥပဒေမှာ တိတိကျကျ ပြဋ္ဌာန်းပြီးတော့မှ ခိုင်လုံစွာ အကာအကွယ်ေ ပးထားရေး။ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေး စတဲ့ အချက်တွေ အဓိကရည်ရွယ်ပါတယ်။ ရည်ရွယ်ချက်တွေနဲ့ လုပ်ငန်းစဉ် မှာ ရေးသားထားပါတယ်။
“ပါတီဖွဲ့စည်းပုံမှာ စီအီးစီကို ၁၁ယောက်၊ စီစီကို ၃၅ ယောက်ဆိုပြီး ပြန်ပြင်ထားပါတယ်။ ဖွဲ့စည်းပုံအရဆိုရင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ စည်းရုံးရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူးအပြင် ဌာနခွဲ ၄ခုထားမယ်။ ဌာနခွဲ ဥက္ကဋ္ဌ ၄ယောက်ဟာ စီအီးစီအဖြစ် ပြန်ပါဝင်လာမယ်။ အားလုံးပေါင်း ၁၁ယောက်ပါ။ ဒါလေးကတော့ ထူးခြားချက် တခုပါ။”
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ ၂၃ နေရာ အနိုင်ရရှိပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးရင် ဒုတိယ နေရာအများဆုံး ရရှိခဲ့တဲ့ ပါတီဖြစ်ပါတယ်။
ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦးနဲ့ စိုင်းညွန့်လွင်တို့ဟာ နှစ်ရှည် ထောင်ဒဏ်တွေ ချခံထားရာကနေ ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလကမှ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ကြတာပါ။
