နေပြည်တော်ကောင်စီဝင်ကို တာဝန်မှ ရပ်စဲ၊ ရခိုင်စည်ပင်ဝန်ကြီးသစ် ခန့်အပ်
DVB
·
March 16, 2018
နေပြည်တော်ကောင်စီဝင်တဦး ဖြစ်တဲ့ ဦးတင်ထွဋ်ကို ရာထူးတာဝန်မှ ရပ်စဲလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ် ၁၅ ရက်နေ့စွဲနဲ့ အမိန့်စာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့ နေပြည်တော် ကောင်စီဥပဒေတွေအရ ခုလို တာဝန်ကနေ ရပ်စဲလိုက်တာလို့ သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုးထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့် ခုလို တာဝန်ကနေ ရပ်စဲလိုက်တယ် ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြခြင်း မရှိပါဘူး။
အလားတူ တာဝန်ကနေ ရပ်စဲခံထားရတဲ့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ရဲ့ နေရာမှာ ဦးဝင်းမြင့်ကို ခန့်အပ်လိုက်ကြောင်းလည်း သမ္မတရုံးက သီးခြားအမိန့် စာထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ဈေးတွေနဲ့ ကူးတို့လေလံကိစ္စတွေမှာ ဖွဲ့စည်းပုံကို ဆန့်ကျင်ဆောင်ရွက်ခဲ့တာကြောင့် ဆက်လက် တာဝန်ထမ်းဖို့ မသင့်ကြောင်း ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပြီးနောက် ဇန်နဝါရီ ၁၈ ရက်မှာ သမ္မတက တာဝန်ကနေ ရပ်စဲခဲ့တာပါ။