ထိုင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လိင်ပိုင်းနှောင့်ယှက်မှုများမှ ကာကွယ်ပေးရန် တောင်းဆို

ဓာတ်ပုံ - Apichart Jinakul
ထိုင်းနိုင်ငံရဲ့ အများပြည်သူသုံး ပို့ဆောင်ရေးကဏ္ဍတွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ ပစ်မှတ်ထားလာတဲ့အတွက် လူတွေကို ကာကွယ်ဖို့အတွက် စီစီတီဗွီကင်မရာတွေ တပ်ဆင်ပေးပြီး ကာကွယ်ရေးအစီအမံတွေ လုပ်ဆောင်ပေးဖို့  ပို့ဆောင်ရေးဝန်ကြီးဌာနကို တောင်းဆိုနေကြပါတယ်။ ထိုင်းနိုင်ငံ အမျိုးသမီးများအတွက် လုံခြုံသော မြို့တော်များကွန်ရက်အဖွဲ့က ပို့ဆောင်ရေးဝန်ကြီးကို ခုလို ထိပါးနှောင့်ယှက်ခံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းတိုင်ကြားနိုင်မယ့် လမ်းကြောင်းတခု လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ကြတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအဖွဲ့ရဲ့အောက်မှာ ပါဝင်တဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းကာ အများပြည်သူနဲ့ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးတွေမှာ ဘေးကင်းလုံခြုံပြီး ပိုမိုအားကောင်းတဲ့ အစီအမံတွေ ဖြစ်လာစေရေးအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ဆီ အကြံပြုစာ ၃ စောင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ အကြံပြုစာတွေထဲမှာ ဘန်ကောက်မြို့တော် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (ဘီအမ်တီအေ) နဲ့ အငှားယာဉ်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ ယာဉ်မောင်းတွေကို မဖြစ်မနေ တက်သင့်တဲ့ သင်တန်းပေးတာမျိုးတွေ၊ ခရီးသည်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ဖြစ်လာရင် ဘယ်လိုကာကွယ်မလဲ ဆိုတာတွေကို သင်ကြားပေးသင့်ကြောင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ အမျိုးသမီးများအတွက် လုံခြုံသော မြို့တော်များကွန်ရက်အဖွဲ့ရဲ့ လူပေါင်း ၁၆၅၄ ယောက်ကို မေးမြန်းကောက်ယူခဲ့တဲ့ သုတေသန စစ်တမ်းတွေအရ ၃၅ ရာခိုင်နှုန်းအထိ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ခံနေကြရပြီး ကျန်တဲ့ ၅၂ ရာခိုင်နှုန်းကတော့ ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ထိပါးနှောင့်ယှက်ခံခဲ့ရပြီးကြောင်း ဆိုပါတယ်။ ဒါဟာ လတ်တလောမှာတော့ နိုင်ငံရဲ့ ကြီးမားတဲ့ ပြဿနာတခု ဖြစ်လာနေပြီး ဖြေရှင်းနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အမျိုးသမီးများဘဝ သာယာရေးနဲ့ ကျား မ တရားမျှတမှုဆိုင်ရာ အစီအစဉ်ရဲ့ မန်နေဂျာတဦးဖြစ်တဲ့ ဗာရာပွန် ချန်စနစ်ကတော့ သူတို့ရဲ့စစ်တမ်းမှာ အမျိုးသမီး၊ အမျိုးသားဦးရေ တန်းတူ အချိုးကျကောက်ယူမှု ပြုခဲ့တာဖြစ်ပြီး စာရင်းကောက်ယူမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေရဲ့ ၄၅ ရာခိုင်နှုန်းကတော့ သူတို့ဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ ခံခဲ့ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေကို ကာကွယ်ပေးနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကာကွယ်ပေးမှုတွေ လိုအပ်နေပြီလို့ တက်ကြွလှုပ်ရှားသူတွေက ပြောနေကြပါတယ်။ ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီးကတော့ “အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး ဆိုတာဟာ ထိုင်းနိုင်ငံ လူမှုအဖွဲ့အစည်းရဲ့ အရေးပါတဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ ဒါကို ဆက်လက်တည်မြဲနေစေဖို့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်နေမှုတွေကို တိုက်ထုတ်နိုင်ဖို့ အားထုတ်သွားပါမယ်” လို့ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up