Home
မြန်မာသတင်း
လျှပ်စစ်မီးချွေတာရန် သမ္မတအကြံပေး တိုက်တွန်း
အေးနိုင်
·
May 24, 2012
နိုင်ငံတော် သမ္မတ အကြံပေးအရာရှိ ဦးကိုကိုလှိုင်က  လျှပ်စစ်မီးကို ခြိုးခြံချွေတာကြဖို့ ဒီနေ့ နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ရုံးခန်းမှာ  တိုက်တွန်းလိုက်ပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားနေချိန်မှာ ဖယောင်တိုင် မီးထွန်းပြီး လျှပ်စစ်မီးတွေကို ပိတ်ထားလိုက်ရင် ပြေလည်သွားမယ် လို့ သူကပြောဆိုပါတယ်။ ဦးကိုကိုလှိုင်က “ဥပမာ လျှပ်စစ်မီးကိစ္စပဲ ဆိုပါတော့၊ ဥပမာလေးတခု ပြောပြပါမယ်။ ဂျပန်မှာ နျူးကလီးယား Facility တွေ ပြတ် သွားတယ်။ အဲဒါနဲ့ ကြောက်လန့်ပြီးတော့ နျူးကလီးယား Plant တွေ အကုန်လုံး ပိတ်လိုက်ရတယ်။ အခုလေးဆယ်ကျော်မှာ နှစ်ခုပဲမောင်းတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ မီးမပြတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူလူထု က ခြိုးခြံချွေတာလို့။ မလိုတဲ့နေရာ မီးတွေအကုန်ပိတ်တယ်။ အကုန်လုံးချွေတာတယ်။ အဲဒီအခါကျတော့ Plant လေးဆယ်မှာ နှစ်ခုပဲ မောင်းနေတာတောင်မှ မီးမပြတ်ဘူး။ အဲဒီတော့ ကျနော်ပြောချင်တာ၊ တကယ့်စေတနာနဲ့ ပြောချင်တာက ဖယောင်းတိုင်တွေ ကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီးတော့ မီးလေးပိတ်ထားလိုက်ကြပါ။ အားလုံးအဆင်ပြေသွားပါမယ်။” လို့ ပြောပါတယ်။ လျှပ်စစ်မီး မရတာကြောင့် လူနေမှု ဘ၀တွေကို ထိခိုက်တဲ့အတွက်  ဆန္ဒပြပွဲတွေဖြစ်နေတဲ့ အချိန်မှာ အစိုးရအကြံပေး တဦးထံက ပထမဆုံး ထုတ်ဖော်ပြောဆိုချက် ဖြစ်ပါတယ်။ စက်မှုဖွံ့ဖြိုးပြီးဖြစ်တဲ့အပြင် သဘာဝဘေးကြောင့် ခေတ္တချွေတာတဲ့ ဂျပန်နိုင်ငံနဲ့ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး ဆယ်စု နှစ်ပေါင်းများစွာ မီးပြတ်တောက်နေတဲ့ မြန်မာပြည်ကို နှိုင်းယှဉ်ပြောဆိုမှု၊ လျှပ်စစ်မီး ရရှိအောင် အစိုးရရဲ့ စီမံချက်ကို မရှင်းပြဘဲ လက်လွတ်စပယ်ပြောဆိုတဲ့ အတွက် ဒီပြောဆိုချက် အပေါ် ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေပါတယ်။ မီးရရှိရေးဆန္ဒပြပွဲဟာ မန္တလေး၊ ရန်ကုန်၊ ပြည်၊ မုံရွာ၊ ပေါင်းတည်နဲ့ သုံးခွ စတဲ့ နေရာတွေ မှာ ဖြစ်ပွားခဲ့ပြီး ဒီနေ့ ပြည်မြို့က ဆန္ဒပြပွဲမှာတော့ ဆန္ဒပြခေါင်းဆောင်တွေ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဥပဒေရှိပေမယ့် နည်းဥပဒေ မထွက်သေးတာ လနဲ့ချီပြီဖြစ်တဲ့အတွက် အုပ်ချုပ်ရေး ယန္တရား ရဲတပ်ဖွဲ့ဝင်တွေကလည်း ဆန္ဒပြသူတွေကို ဘယ်လို ကိုင်တွယ်ရမှန်း မသိ ဖြစ်နေကြပါတယ်။ အစိုးရကလည်း ဆန္ဒပြပွဲဖြစ်တဲ့နေရာတွေကို တနေ့ ၆ နာရီ မီးရရှိအောင် ဆောင်ရွက်ပေးနေပြီး မီးချွေတာဖို့ သတင်းစာကနေ တိုက်တွန်းနေပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဦကိုကိုလှိုင်က ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ရာထူးမှာရှိနေတဲ့ အကြောင်းနဲ့ အလုပ်သမား ဆန္ဒပြပွဲတွေကို ညှိညှိနှိုင်းနှိုင်းဖြေရှင်းကြဖို့ လိုတဲ့အကြောင်း ထည့်သွင်းပြောဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024