Home
မေးမြန်းခန်း
အမျိုး​သမီး​လွှတ်​တော်ကိုယ်စား​လှယ်များ​နှင့်​ ​မေး​မြန်း​ချက်
DVB
·
May 24, 2012
ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရ ဦး​ရွှေမန်း​ခေါင်း​ဆောင်တဲ့​ မြန်မာလွှတ်​တော် ကိုယ်စား​လှယ်အဖွဲ့​ မကြာ​သေး​ခင်ကမှ ဥ​ရောပနိုင်ငံလွှတ်​တော်​တွေဆီကို သွား​ရောက်​လေ့​လာခဲ့​ပါတယ်။ [caption id="attachment_25878" align="alignleft" width="310" caption="​ဒေါ်ခင်​စော​ဝေ၊ ​ဒေါ်မိမြင့်သန်း၊ ​ဒေါ်နန်းဝါနု၊ ​ဒေါ်ဒွဲဘူ (ဝဲမှယာ)"][/caption] ​နော်​ဝေး​နိုင်ငံ လွှတ်​တော်​တွေဆီကို သွား​ရောက်​လေ့​လာခဲ့​စဉ် အမျိုး​သမီး​လွှတ်​တော် ကိုယ်စား​လှယ်​တွေဖြစ်တဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ​ဒေါ်ခင်​စော​ဝေ၊​ မွန်​ဒေသလုံး​ဆိုင်ရာဒီမိုက​ရေစီပါတီက ​ဒေါ်မိမြင့်​သန်း​၊​ ကျား​ဖြူလို့​ လူသိများ​တဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီက ​ဒေါ်နန်း​ဝါနုနဲ့​၊​ စည်း​လုံး​ညီညွတ်​ရေး​နဲ့​ ဒီမိုက​ရေစီပါတီ (ကချင်ပြည်နယ်) က ​ဒေါ်ဒွဲဘူ တို့​ကို ဒီဗွီဘီရုံး​ အ​ခြေစိုက်ရာ ​အော်စလိုမြို့​ စတူဒီယိုကို ဖိတ်ကြား​ပြီး​ မြန်မာနိုင်ငံ​ရေး​နဲ့​ အမျိုး​သမီး​အခန်း​ကဏ္ဍအ​ကြောင်း​ ​တွေ့​ဆုံ​မေး​မြန်း​ထား​ပါတယ်။ ၈၈ အပြီး​ အနှစ် ၂၀​ ​ကျော်ကြာမှ​ ပထမဆုံး​​ ​ပေါ်​ပေါက်လာတဲ့​ ​မြန်မာနိုင်ငံလွှတ်​တော်မှာ​ ​ပထမဆုံး​ အမျိုး​သမီး​ကိုယ်စား​လှယ်​တွေအဖြစ် ပထမဆုံး​ တက်​ရောက်ခွင့်​ရတဲ့​အ​ပေါ်မှာ ခံစား​ချက်ကို ​ပြောပြ​ပေး​ပါ။ ​ဒေါ်ဒွဲဘူ “အရမ်း​ဝမ်း​သာပါတယ်။ ကျမတို့​ ကချင်ပြည်နယ်က ကိုယ်စား​လှယ်ထဲမှာလည်း​ ကျမက ပထမဆုံး​ ပြည်သူ့​လွှတ်​တော်မှာ အမျိုး​သမီး​ ကိုယ်စား​လှယ်တဦး​ ဖြစ်တဲ့​အတွက် သမိုင်း​မှာလည်း​ ဂုဏ်ယူစရာ ဖြစ်တဲ့​အတွက် အင်မတန်မှပဲ လှိုက်လှိုက်လှဲလှဲ ဝမ်း​သာ ဂုဏ်ယူပါတယ်။” ​ဒေါ်မိမြင့်​သန်း​ “ကျမတို့​လည်း​ အဲဒီလိုမျိုး​ပါပဲ။ ကျမတို့​ရဲ့​ နယ်မှာလည်း​ ​ခေါင်း​ဆောင်မယ့်​သူ လိုအပ်တယ်။ ​နောက်ပြီး​ အမျိုး​သမီး​ထဲကလည်း​ ရှား​ပါး​တယ်လို့​ ​ပြောလို့​ရတယ်။ အခု ကျမတို့​က ​ရှေ့​ဦး​ဆုံး​ ပါဝင်ခွင့်​ရတဲ့​အတွက် သမိုင်း​လည်း​ တွင်ပါတယ်။” ​ဒေါ်နန်း​ဝါနု “ကျမအ​နေနဲ့​က​တော့​ မြန်မာနိုင်ငံရဲ့​ နိုင်ငံ​ရေး​လောကထဲကို အမျိုး​သမီး​တဦး​အ​နေနဲ့​ ​အောင်​အောင်မြင်မြင်နဲ့​ ဝင်​ရောက်လာတာကို အထူး​ဝမ်း​သာတယ်။ ဂုဏ်လည်း​ယူတယ်။ ကျမဂုဏ်ယူတဲ့​နည်း​တူ ကျမတို့​လူမျိုး​များ​ကော ရှမ်း​တိုင်း​ရင်း​သား​များ​ အား​လုံး​ကလည်း​ ကျမကိုယ်စား​ ဂုဏ်ယူ​ကြောင်း​ ကျမ ကြား​သိရတဲ့​အတွက် ဝမ်း​သာပါတယ်။” ​ဒေါ်ခင်​စော​ဝေ “အင်မတန်မှ ဝမ်း​သာဂုဏ်ယူမိပါတယ်။ ကျမတို့​ ရခိုင်ပြည်နယ်ဘက်မှာလည်း​ တဦး​တည်း​သော လွှတ်​တော်ကိုယ်စား​လှယ်အမတ် အမျိုး​သမီး​တဦး​ ​ပေါ်လာလို့​ဖြစ်ပါတယ်။ ပိုဝမ်း​သာတာက​တော့​ ရခိုင်လူမျိုး​တွေအတွက် တဖက်တလမ်း​က ကူညီပံ့​ပိုး​ပေး​ဖို့​ဆိုပြီး​ လွှတ်​တော်ထဲကို ​ရောက်လာတဲ့​အတွက် ​တော်​တော်​လေး​ ဝမ်း​သာဂုဏ်ယူ ခံစား​ရပါတယ်။” အစ်မတို့​အား​လုံး​က ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ တိုင်း​ရင်း​သား​ ကိုယ်စား​ပြု လွှတ်​တော်ကိုယ်စား​လှယ်​တွေ​ပေါ့​။ ဒီ​ရွေး​ကောက်ပွဲအပြီး​ ၂၀၁၁ က​နေစပြီး​ ဒီ​နေ့​ချိန်ထိ လွှတ်​တော်တက်ခဲ့​ကြတယ်။ လွှတ်​တော်ထဲမှာ အဓိက ဘာ​တွေကို ​ဆွေး​နွေး​တင်ပြခဲ့​လဲ။ ​ဒေါ်ခင်​စော​ဝေ “ပထမအစည်း​အ​ဝေး​မှာတုန်း​က ကျမတို့​ လွှတ်​တော်က အခုမှ ​ပေါ်ခါစဖြစ်လို့​ အ​တွေ့​အကြုံက သိပ်မရှိဘူး​ဖြစ်​နေတယ်။ ပထမဆုံး​တော့​ ကိုယ့်​ရခိုင်ပြည်နယ် စစ်​တွေမြို့​မှာ မီတာ​ဈေး​ တအား​များ​တဲ့​ကိစ္စကို အဘဦး​မောင်ညိုက (ရခိုင်ကိုယ်စား​လှယ်) ပြည်သူ​တွေအတွက် မီတာခ​ဈေး​နှုန်း​ကြီး​တာကို အဆိုတင်သွင်း​ပါတယ်။ အဲဒါကို ကျမတို့​ကလည်း​ ပြည်သူလူထု​တွေက ဒီမီတာ​ကြောင့်​ ဘယ်​လောက် ဒုက္ခ​ရောက်​နေရတယ်ဆိုတာ ကျမတို့​ ဝင်​ရောက်​ဆွေး​နွေး​ ​ဖြေကြား​ပါတယ်။ ပထမဆုံး​ လွှတ်​တော်ရဲ့​ အ​တွေ့​အကြုံပါပဲရှင်။” လွှတ်​တော်ထဲမှာ ခုန​ပြောတဲ့​ မီတာကိစ္စ၊​ လယ်သိမ်း​မြေသိမ်း​ ကိစ္စ​တွေ၊​ အခွန်အမျိုး​မျိုး​ ​ကောက်တဲ့​ကိစ္စ​တွေ၊​ လူထုဘက်က ရပ်တည်ပြီး​တော့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေက တင်ပြတာကို ကျမတို့​ကြား​ရတယ်။ ဒါ​ပေမယ့်​ အမျိုး​သမီး​တွေနဲ့​ က​လေး​သူငယ်​တွေကို အဓိက အကျိုး​ပြု​စေမယ့်​ ပညာ​ရေး​၊​ ကျန်း​မာ​ရေး​ကိစ္စ​တွေမှာ အဓိက တင်ပြတာမျိုး​ သိပ်မကြား​ရဘူး​။ အနာဂတ်မှာ​ရော အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေအတွက် အဓိကအကျိုး​ရှိ​စေမယ့်​အရာ​တွေ ဘာ​တွေတင်ပြဖို့​ရှိလဲ။ ​ဒေါ်နန်း​ဝါနု “အခု​လော​လောဆယ် ကျမတို့​က ပညာ​ရေး​အ​နေနဲ့​က​တော့​ ကျမတို့​က အမျိုး​သမီး​တွေ​ကော က​လေး​တွေအတွက်ပါ ဒီဘတ်ဂျက်နှစ်မှာ ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​ကို အဓိက ဦး​စား​ပေး​တင်ပါတယ်။ ဦး​စား​ပေး​ ​ဆွေး​နွေး​တယ်။ အဲဒါက​တော့​ လွှတ်​တော်မှာတင်တဲ့​အပိုင်း​ပေါ့​။ အဲဒါအပြင် ကျမတို့​ နယ်​မြေအ​နေအထား​အရ စစ်တမ်း​ကောက်တဲ့​အချိန်မှာ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်နယ်က ပညာ​ရေး​ပိုင်း​မှာ တအား​ကို နိမ့်​ကျတယ်ဆိုတဲ့​ အ​နေအထား​ကို စစ်တမ်း​အရ သိခဲ့​တယ်။ ​နောက်ပြီး​ ကျမကိုယ့်​ဒေသကို ကိုယ်သွား​လေ့​လာတဲ့​ အချိန်မှာ အမှန်တကယ်ဖြစ်​နေပါတယ်။ “အဲဒီအတွက် ကျမက နည်း​အမျိုး​မျိုး​နဲ့​ စဉ်း​စား​လိုက်တဲ့​အချိန်မှာ ဒီအမျိုး​သမီး​အတွက်​ကော၊​ က​လေး​တွေအတွက်​ကော၊​ ပြည်သူ​တွေအတွက်ပါ စွမ်း​ဆောင်ရည် မြင့်​မား​စေဖို့​အတွက် ကျမ အ​ကောင်း​ဆုံး​စဉ်း​စား​ပြီး​တော့​ ​ဖောင်​ဒေး​ရှင်း​တခု​တော့​ ကျမနဲ့​ ကွန်ဟိန်း​မြို့​နယ်က ဦး​စိုင်း​ထွန်း​မြတ်တို့​ အဖွဲ့​နဲ့​ ကျမတို့​ပေါင်း​ပြီး​ ကျွန်း​တစ်​ထောင်​မြေ ​ဖောင်​ဒေး​ရှင်း​ဆိုပြီး​ တည်​ထောင်ထား​တယ်။ ကျွန်း​တစ်​ထောင်ပြည့်​ ​ဖောင်​ဒေး​ရှင်း​မှာ အဓိကက ဒီနှစ်မှာ ကျမတို့​ကျောင်း​ကိုသွား​တယ်။ ​ကျောင်း​ကိုသွား​ပြီး​ ဒီက​လေး​တွေ ဘာလိုအပ်သလဲဆိုပြီး​ ​ကျောင်း​အုပ်ဆီမှာ သွား​မေး​ပြီး​တော့​ ပံ့​ပိုး​တာ​တွေရှိတယ်။ သူတို့​လိုအပ်တာ​တွေကို ကျမတို့​ကို​ပြောဖို့​ ​ကျောင်း​အုပ်နဲ့​ ဆရာ၊​ ဆရာမ​တွေနဲ့​ ​တွေ့​ဆုံ ​ပြောဆိုခဲ့​တယ်။ စာကြည့်​တိုက်တခု ​ထောင်ထား​ပေး​တယ်။ အလင်း​သစ်စာကြည့်​တိုက်၊​ ကွန်ဟိန်း​မြို့​နယ်မှာပါပဲ။ စွမ်း​ဆောင်ရည်မြှင့်​တင်ဖို့​ အတွက်၊​ လူအများ​က စာ​ပေကို စိတ်ဝင်စား​လာဖို့​အတွက် လုပ်​ပေး​တယ်။ “က​လေး​တွေအတွက်က က​လေး​တွေကို ​လေ့​လာရသ​လောက် ကျမတို့​နယ်ဘက်က က​လေး​တွေက အပြင်မှာ​နေရတာ ပိုများ​တယ်။ ရပ်​စောက်ဘက်မှာ ပိုများ​တယ်။ ၂ နှစ်သား​က​နေ ၅ နှစ်၊​ ၇ နှစ်၊​ ၁၁ နှစ်သား​အထိက မတရား​ပြုကျင့်​ခံရမှု​တွေ ရှိခဲ့​တယ်။ အဲဒီအတွက်ကို ကျမ​ရှေ့​နေဘဝထဲက စိတ်ထဲမှာရှိ​နေတယ်။ အဲဒီအတွက် ဒီက​လေး​တွေကို ဘယ်လို ပြုစုပျိုး​ထောင်ရမလဲဆိုတာ စဉ်း​စား​ပြီး​တော့​ ရှမ်း​ပြည်နယ်ရဲ့​ လူမှုဝန်ထမ်း​၊​ ​နောက်ပြီး​ အလုပ်သမား​ဝန်ကြီး​ ဦး​အောင်ကြည်နဲ့​ ကျမတို့​ ပူး​ပေါင်း​ပြီး​တော့​ ကွန်ဟိန်း​မြို့​နယ်မှာပဲ အဆင့်​မြင့်​ မူကြိုက​လေး​ကျောင်း​ ဖွင့်​ထား​ပေး​တယ်။ ​နောက်ထပ် ဒီလ (သို့​မဟုတ်) ​ရှေ့​လထဲမှာ ကာလိမြို့​မှာ စာကြည့်​တိုက်​ကော၊​ မူကြိုပါဖွင့်​နိုင်ဖို့​ ကျမတို့​ ကြိုး​စား​နေပါတယ်။” ​ဒေါ်မိမြင့်​သန်း​က​ရော မွန်ပြည်နယ်ထဲမှာရှိတဲ့​ အမျိုး​သမီး​နဲ့​ က​လေး​တွေ အတွက် အကျိုး​ရှိ​စေမယ့်​ ဘယ်လိုအစီအစဉ်​တွေကို တင်ပြဖို့​ရှိသလဲ။ အနာဂတ် လွှတ်​တော်မှာ​ပေါ့​။ “ကျမတို့​နယ်မှာဆိုရင် နိုင်ငံရပ်ခြား​မှာ အလုပ်ထွက်လုပ်တာ၊​ ဥပမာ-ထိုင်း​တို့​၊​ မ​လေး​ရှား​တို့​မှာ၊​ က​လေး​တွေကို ချန်ထား​ပြီး​တော့​ အဘွား​တွေက က​လေး​တွေကို ပြုစုတယ်။ မိဘ​တွေက အလုပ်သွား​လုပ်ကြတယ်။ ကျမတို့​က​တော့​ အဲဒီလူ​တွေ အလုပ်အကိုင် ရရှိဖို့​ကိစ္စ၊​ အဲဒါ​တွေကို ကျမတို့​ကြိုး​စား​နေတယ်။ ​နောင်တချိန် ကျမတို့​မွန်ပြည်နယ်ထဲမှာ စက်ရုံ​တွေ တည်​ဆောက်လာဖို့​နဲ့​ ကိုယ့်​နယ်ကထွက်တဲ့​ ပစ္စည်း​တွေကို နိုင်ငံခြား​နဲ့​ တိုက်ရိုက်ဆက်သွယ်လို့​ရတဲ့​ လမ်း​ကြောင်း​တွေ အဲဒါ​တွေလည်း​ ကျမတို့​ကြိုး​စား​နေပါတယ်။” မွန်ပြည်နယ်က အမျိုး​သမီး​တွေ အလုပ်အကိုင် ထိုင်း​ဘက်မှာ သွား​လုပ်တယ်ဆိုလို့​၊​ ကျမတို့​ သိရသ​လောက် ကိုယ့်​နိုင်ငံမှာ အဆင်မ​ပြေလို့​ ပြည်ပနိုင်ငံမှာ သွား​လုပ်ရတယ်။ တချို့​လည်း​ ကျန်း​မာ​ရေး​အရ အိပ်ခ်ျအိုင်ဗွီ/ ​အေအိုင်ဒီအက်စ် ​ရောဂါကူး​စက်လာတာ ရှိတယ်ဆို​တော့​၊​ အဓိက ကျန်း​မာ​ရေး​ပေါ့​၊​ အများ​အား​ဖြင့်​ အမျိုး​သား​က​နေ ကူး​လာတယ်။ အမျိုး​သမီး​နဲ့​ က​လေး​တွေကို ပြန်ကူး​စက်တယ်။ ကျန်း​မာ​ရေး​နဲ့​ ပတ်သက်လို့​ကော အမျိုး​သမီး​တွေ ထိခိုက်နစ်နာမှု မရှိ​အောင် ပညာ​ပေး​ဖို့​ အစီအစဉ်​တွေ​ကော ရှိသလား​။ “ကျမတို့​နယ်မှာဆိုရင် အန်ဂျီအို​တွေများ​ပါတယ်။ တချို့​တွေလည်း​ အဆက်အသွယ် လုပ်တယ်။ သူတို့​လိုအပ်ချက် ဘာ​တွေရှိလည်း​ ကျမတို့​က ဘယ်လို ပံ့​ပိုး​ပေး​ရမလဲ အဲလိုမျိုး​ အဆက်အသွယ်​တွေ​တော့​ ရှိပါတယ်။” ​ဒေါ်ဒွဲဘူကို​တော့​ ကျမက ကချင်​ဒေသအ​ကြောင်း​ အဓိက ​မေး​ချင်ပါတယ်။ အား​လုံး​သိတဲ့​အတိုင်း​ပဲ ကချင်​ဒေသမှာ အစိုး​ရတပ်နဲ့​ ​ကေအိုင်​အေတပ်​တွေက ​နေ့​စဉ်နီး​ပါး​လောက် တိုက်ပွဲ​တွေဖြစ်​နေတယ်။ အဲဒီမှာ အခု ဒုက္ခသည်​တွေ ​သောင်း​နဲ့​ချီပြီး​ ဖြစ်လာတယ်။ ပြည်တွင်း​စစ်ဖြစ်လာပြီဆိုရင် နစ်နာတာခြင်း​အတူတူ အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေရဲ့​ ဘဝက ပိုပြီး​တော့​ ဝရုန်း​သုန်း​ကား​ ဖြစ်ရတယ်။ ပိုပြီး​တော့​ နစ်နာဆုံး​ရှူံး​တယ်လို့​ လူ့​အခွင့်​အ​ရေး​ အဖွဲ့​တွေက ​ထောက်ပြတယ်။ အစ်မ ကချင်ပြည်နယ်က အမျိုး​သမီး​ လွှတ်​တော်ကိုယ်စား​လှယ် တဦး​အ​နေနဲ့​ ဒီစစ်ပွဲ​တွေ ရပ်တန့်​ရေး​၊​ အမျိုး​သမီး​နဲ့​ က​လေး​သူငယ်​တွေ ကယ်တင်​ရေး​အတွက် ဘာ​တွေများ​လုပ်ဖို့​ အစီအစဉ်ရှိလဲ။ “ဒါ​တွေလည်း​ ကျမတင်ပြပါတယ်။ စစ်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​ လူထုမှာ အများ​ကြီး​ ဒုက္ခ​ရောက်တဲ့​အတွက် ဒီစစ်​ပြေး​ဒုက္ခသည်​တွေ မိမိ​နေရပ်ကို ပြန်လည် အ​ခြေချ ​နေထိုင်​ရေး​အတွက် တင်ပြပါတယ်။ ဒီလိုပြန်လည်အ​ခြေချ ​နေထိုင်​ရေး​ အတွက်က စစ်ပွဲ​တွေ ရပ်တန့်​သွား​ဖို့​လိုတယ်။ အဲဒီကိစ္စအတွက် လွှတ်​တော်မှာ တင်တဲ့​အခါ လွှတ်​တော်ကလည်း​ အတည်ပြုချက်ရယူခဲ့​ပါတယ်။ ဒါ​ပေမယ့်​ လက်ရှိ အ​နေအထား​မှာ တဘက်နဲ့​တဘက် ယုံကြည်မှုတည်​ဆောက်ဖို့​ လို​နေ​သေး​တဲ့​ အတွက် လက်ရှိမှာ ဒုက္ခသည်​တွေထဲမှာ ကျမတို့​ကိုယ်တိုင်လည်း​ သွား​တဲ့​အခါမှာ အမျိုး​သမီး​တွေ၊​ က​လေး​တွေ ​တော်​တော်များ​များ​ ဒုက္ခ​ရောက်တာကို ​တွေ့​ရပါတယ်။ အဲဒါ​ကြောင့်​ ​ရှေ့​ဆက်ပြီး​တော့​လည်း​ ဒီကိစ္စ​တွေမှာ ကျမတို့​ကိုယ်တိုင် ပါဝင် ​ဆောင်ရွက်သွား​ဖို့​ အစီအစဉ်ရှိပါတယ်။ ​နောက်ထပ် ​ဆွေး​နွေး​မယ့်​ အသစ်ဖွဲ့​တဲ့​ အထဲမှာလည်း​ ကျမတို့​ကိုယ်တိုင် ပါဝင်ခွင့်​ရတဲ့​အတွက် ဝမ်း​သာပါတယ်။” အခုအသစ် ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​တဲ့​အဖွဲ့​ထဲမှာ​ပေါ့​နော်။ “ကျမတို့​လွှတ်​တော်က တိုင်း​ရင်း​သား​အား​လုံး​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှု ​ကော်မတီက တိုင်း​ရင်း​သား​တွေ ​တော်​တော်များ​များ​ ပါဝင်ခွင့်​ရတဲ့​အတွက် ယခင်က ယုံကြည်မှုတည်​ဆောက်လို့​ မရခဲ့​တာကို ကျမတို့​လွှတ်​တော်က တိုင်း​ရင်း​သား​များ​ အား​လုံး​ပူး​ပေါင်း​ပါဝင်ပြီး​မှ ယုံကြည်မှုကို တည်​ဆောက်မှ စစ်ဒုက္ခအား​လုံး​ကို ​ဖြေ​ဖျောက်နိုင်​အောင် ကျမတို့​ကြိုး​စား​ပါမယ်။ ဒါက​တော့​ တိုင်း​ရင်း​သား​အား​လုံး​ရဲ့​ ပထမဆုံး​ ကျမတို့​ရဲ့​ ဆန္ဒ၊​ ရည်ရွယ်ချက်၊​ အဓိက ရည်ရွယ်ချက်လည်း​ဖြစ်တယ်။ ဘာလို့​လဲဆို​တော့​ ငြိမ်း​ချမ်း​မှုမရရင် ဘယ်​နေရာမှ တိုး​တက်မှုရှိမှာမဟုတ်ပါဘူး​။ ​နောက် ကျမတို့​ကိုယ်တိုင် ဒီအမျိုး​သမီး​ အဘွား​ကြီး​၊​ ကိုယ်ဝန်သည် ​နောက် က​လေး​သူငယ်​တွေ အား​လုံး​က စစ်​ပြေး​ဒုက္ခသည်စခန်း​တွေမှာပဲ အချိန်ကုန်တဲ့​အတွက် သူတို့​ကို ကိုယ်ချင်း​စာပါတယ်။ ကျမတို့​ကိုယ်တိုင်လည်း​ အမျိုး​သမီး​ဖြစ်တဲ့​အတွက် ကျမတို့​ကိုယ်တိုင် သား​သမီး​ရှိတဲ့​အတွက် တကယ်ကို ကိုယ်ချင်း​စာပါတယ်။ သူတို့​ မိမိ​နေရာမှာ ပြန်လည်ပြီး​ အ​ခြေစိုက်​နေနိုင်ဖို့​အပြင် စစ်​တွေရပ်ဆိုင်း​သွား​တဲ့​အခါမှာ သူတို့​ရဲ့​ ရုပ်ပိုင်း​ဆိုင်ရာ၊​ စိတ်ပိုင်း​ဆိုင်ရာ​တွေ ပြန်လည်ထူ​ထောင်​ရေး​ကိုပါ အများ​ကြီး​ပြန်လုပ်ရမှာ ဖြစ်တဲ့​အတွက် ကျမတို့​ ဆက်လုပ်ရမယ့်​ လုပ်ငန်း​တွေက အများ​ကြီး​ ရှိပါတယ်။ “အမျိုး​သမီး​ တ​ယောက်အ​နေနဲ့​ အား​တက်သ​ရော၊​ ကျမတို့​ကိုယ်တိုင် အမျိုး​သမီး​ဖြစ်တဲ့​အတွက် ကျမတို့​ကိုယ်တိုင် ခံစား​ရတာကို သူတို့​ကို မျှ​ဝေမှ သူတို့​ရဲ့​ ခံစား​ချက်ကိုလည်း​ ယူပြီး​မှ ​ဆောင်ရွက်သွား​မယ်ဆိုရင် ​အောင်မြင်မယ့်​လုပ်ငန်း​ ဖြစ်တဲ့​အတွက် တကယ်အား​တက်သ​ရော လုပ်သွား​မယ်လို့​ ကျမတို့​ ဆုံး​ဖြတ်ထား​ပါတယ်။” ကချင်ပြည်နယ်က ဒုက္ခသည်​တွေကို ကူညီ​ရေး​ အစီအစဉ်​တွေ​ကော လွှတ်​တော်ကိုယ်စား​လှယ်တဦး​ အ​နေနဲ့​ ဘာ​တွေ​ဆောင်ရွက်​ပေး​နေလဲ​။ “အဲဒါက​တော့​ ကျမတို့​ လွှတ်​တော်နား​တိုင်း​ ​ဆောင်ရွက်​ပေး​နေပါတယ်။ လွန်ခဲ့​တဲ့​ ဒုတိယအကြိမ် နား​တဲ့​အချိန်မှာဆို ကျမတို့​ လွှတ်​တော်ကိုယ်စား​လှယ်၊​ ရင်း​နှီး​တဲ့​လူ​တွေဆီမှာ ဝိုင်း​ဝန်း​ပြီး​တော့​ ကချင်ပြည်နယ်နဲ့​ ပတ်သက်ပြီး​တော့​ ​ပြောပြတယ်။ သူတို့​လည်း​ ဝိုင်း​ဝန်း​အကူအညီ​တောင်း​တယ်။ သိန်း​ ၇၀၀ ရရှိပါတယ်။ အဲဒီသိန်း​ ၇၀၀ ကို တပြည်နယ်လုံး​မှာရှိတဲ့​ ဒုက္ခသည်စခန်း​ကို အညီအမျှ ​ပေး​ဝေခဲ့​တာ လွန်ခဲ့​တဲ့​ ဒီဇင်ဘာလမှာ လုပ်နိုင်ခဲ့​ပါတယ်။ “​နောက်တ​ခေါက် သင်္ကြန် လွှတ်​တော်နား​တဲ့​ အခါမှာလည်း​ ကျမတို့​ ကချင်ပြည်နယ် ကိုယ်စား​လှယ်​တွေ စု​ပေါင်း​ပြီး​ ကိုယ်စား​လှယ်​တွေ သူတို့​တတ်နိုင်သ​လောက် ပစ္စည်း​တွေ၊​ လိုအပ်တဲ့​ အသုံး​အ​ဆောင်ပစ္စည်း​တွေကို သက်ဆိုင်ရာ ပြည်နယ်အစိုး​ရအဖွဲ့​နဲ့​ ညှိနှိုင်း​ပြီး​ ​ဆောင်ရွက်သွား​ပါတယ်။ ​နောက်ဆုံး​အကြိမ် ​ရောက်တာဆို စင်ကြိုင်ဘက်ကိုပါ။ အဲဒီဘက်က ​တော်​တော်သွား​လာရခက်ခဲပါတယ်။ ကျမတို့​သွား​ပြီး​ ၂ ရက်မှာ လမ်း​ပိတ်သွား​ပါတယ်။ အဲဒီမှာ သင်္ကြန်မှာ ရန်ကုန်က အဆို​တော်အဖွဲ့​တွေလာတယ်။ အဲဒီမှာ ​ဖျော်​ဖြေ​ရေး​ အစီအစဉ် လုပ်တဲ့​အခါမှာ သူတို့​တွေ အင်မတန်မှ​ပျော်ကြတယ်။ သူတို့​အ​ပျော်​တွေက ကျမတို့​ဆီ​တောင် ကူး​စက်ပါတယ်။ ကျမတို့​လည်း​ သူတို့​ကိုကြည့်​ပြီး​ ခံစား​ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024