DVB Logo
Home
မြန်မာသတင်း
ဓာတ်အား​ပေး​စက်အသစ်များ​ ထပ်ဝယ်ပြီး​ ဓာတ်အား​ပို​ပေး​နေဟုဆို
DVB
·
May 24, 2012
ဓာတ်အား​ပေး​စက်အသစ်များ​ ထပ်ဝယ်ပြီး​ ဓာတ်အား​ပို​ပေး​နေဟုဆို
Donate to DVB

ရန်ကုန်၊​ မန္တ​လေး​၊​ မုံရွာနဲ့​ ပြည်မြို့​တွေအတွက် ဓာတ်အား​ပေး​စက်အသစ်​တွေ ထပ်မံဝယ်ယူထား​ပြီး​ လျှပ်စစ်ဓာတ်အား​ ပိုပြီး​ဖြန့်​ဖြူး​ပေး​နေတယ်လို့​ ဒီ​နေ့​ထုတ် သတင်း​စာ​တွေမှာ ​ဖော်ပြထား​ပါတယ်။

ရန်ကုန်မှာ မီး​စက် ၁၁ လုံး​၊​ မန္တ​လေး​မှာ အလုံး​၂၀၊​ ပြည်မှာ ၅ လုံး​နဲ့​ မုံရွာမှာ ၂ လုံး​ ဝယ်ယူပြီး​ မီး​ပို​ပေး​နေတယ်လို့​လည်း​ သတင်း​က ဆိုပါတယ်။

မီး​ပို​ပေး​မယ်ဆိုတဲ့​မြို့​တွေဟာ လျှပ်စစ်မီး​အပြည့်​အဝရရှိဖို့​ ဆန္ဒ​ဖော်ထုတ်ခဲ့​ကြ တဲ့​ မြို့​တွေဖြစ်ပြီး​ ရန်ကုန်မြို့​ခံတဦး​က​တော့​ အရင် တရက် ၆ နာရီ မီး​ရ​နေရာမှ အခု ရက်ပိုင်း​မှာ နာရီဝက် ပိုရလာတယ်လို့​ ​ပြောပါတယ်။

ခုရက်ပိုင်း​ကြုံ​တွေ့​ရတဲ့​ မီး​အ​ခြေအ​နေကို မြို့​ခံက “မီး​လာရင်​တော့​ ​ရေတင်လို့​ ရပါတယ်။ မီး​မလာရင် ဘာမှလုပ်မရဘူး​။ မနက် ၅ နာရီ မီး​ပျက်မယ်ဆို​တော့​ ညကတည်း​က ထမင်း​ချက်ထား​ရတယ်။ ဟင်း​လည်း​ ကြုံသလိုပဲ။ ဆွမ်း​တွေလည်း​ ကြုံသလိုပဲ လှူရတာပဲ၊​ မီး​ပုံမှန်လာရင်​တော့​ အဆင်​ပြေတယ်။ အခုချိန်က အရမ်း​ပူတယ်​လေ။ တိုက်ခန်း​တွေဆို​တော့​ ​လှောင်ပိတ်​နေတာ။ မီး​လာ​တော့​ ပန်ကာ​လေး​ ဘာ​လေး​ဖွင့်​ရ​တော့​ ​တော်​သေး​တယ်။ အခု​လော​လောဆယ်​တော့​ သူတို့​ကြေညာထား​သလို​တော့​ ရတယ်လို့​ ​ပြောလို့​ရပါတယ်။”

မန္တ​လေး​မှာလည်း​ တရက် ၆ နာရီ မီး​ရမယ်ဆိုတဲ့​အတိုင်း​ ၆ နာရီ မီး​ရ​နေပြီး​ အဲ့​ဒီ ၆ နာရီအတွင်း​ မီး​မကြာခဏ ပျက်တာမျိုး​ မကြုံရ​တော့​ဘူး​လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“အရင်က ၁၁ နာရီပျက်မယ် ဆို​ပေမယ့်​ ၁၅ မိနစ်၊​ ၃၀ မိနစ်​လောက် ​စောပျက်တာမျိုး​ရှိတယ်။ ကြား​ထဲမှာလည်း​ ပျက်တယ်။ အကြာကြီး​နေမှ ပြန်လာတာမျိုး​၊​ ၅ မိနစ်ကြား​၊​ ၁၀ မိနစ်ကြား​ ပျက်တာ​တွေရှိတယ်။ အခု​တော့​ ​နေ့​လယ် ၁၁ နာရီလာရင် ည​နေ ၅ နာရီမှပျက်တယ်။ အရင်ကလို​တော့​ မပျက်​တော့​ဘူး​။”

လျှပ်စစ်ဓာတ်အား​ လိုအပ်ချက်ကို အလျင်အမြန် ဖြည့်​ဆည်း​ပေး​နိုင်ဖို့​ ​နေရာ​ရွှေ့​ပြောင်း​ပြီး​ အလျင်အမြန် တပ်ဆင် ဓာတ်အား​ပေး​နိုင်တဲ့​ စက်​တွေ ဝယ်ယူ​ရေး​ ထိုင်း​နိုင်ငံအ​ခြေစိုက် လျှပ်စစ်ကုမ္ပဏီတခုနဲ့​ အမှတ် ၂ လျှပ်စစ် ဝန်ကြီး​ဌာနတို့​ ​ဆွေး​နွေး​နေတဲ့​အ​ကြောင်း​ ​မေ ၂၃ ရက်ထုတ် သတင်း​စာမှာ ​ဖော်ပြပါတယ်။

အခုရက်ပိုင်း​အတွင်း​ လျှပ်စစ်မီး​ရရှိဖို့​ ရန်ကုန်၊​ မန္တ​လေး​ အပါအဝင် မြို့​တချို့​မှာ ဖ​ယောင်း​တိုင်ထွန်း​ ဆန္ဒထုတ်​ဖော် ​တောင်း​ဆိုမှု​တွေ ​ပေါ်​ပေါက်လာခဲ့​ပြီး​ တချိန်တည်း​မှာပဲ လျှပ်စစ်ဓာတ်အား​ဖြန့်​ဖြူး​ပေး​တဲ့​ သက်ဆိုင်ရာ ဝန်ကြီး​ဌာနကလည်း​ အခုလိုသတင်း​တွေ ဆက်တိုက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒီသတင်း​ထုတ်ပြန်ချက်​တွေနဲ့​ ပတ်သက်ပြီး​ အ​သေး​စိတ်သိရ​အောင် သက်ဆိုင်ရာ အမှတ် ၂ လျှပ်စစ်ဝန်ကြီး​ဌာနက ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဝန်ကြီး​ရုံး​အဖွဲ့​မှူး​ ဦး​ခိုင်​ဇော် ဖုန်း​ ၀၉ ၈၆၀ ၃၀၀၃ ကို ​မေ ၂၃ နဲ့​ ၂၄ ရက်​တွေမှာ ဒီဗွီဘီက ကြိုး​စား​ဆက်သွယ်ခဲ့​ပေမယ့်​ ကာယကံရှင်ကို လုံး​ဝဆက်သွယ်လို့​ မရခဲ့​ပါဘူး​။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013