Home
ဆောင်းပါး
ရခိုင့်အရေးနှင့် လွှတ်တော်ချန်နယ်
DVB
·
March 13, 2018
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပွတ်တိုက်မှုအများဆုံး ပါတီ ၂ ခု၊ အတိုက်အခံအဖြစ်ဆုံးသော ပါတီ ၂ ခုနှင့် အငြင်းပွားစရာအဖြစ်ဆုံးသော ပါတီ ၂ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ ဖြစ်နေသည်ကို အားလုံး တွေ့မြင်ပြီးသား ဖြစ်ပါလိမ့်မည်။ အကြောင်းရင်းကတော့ အာဏာရပါတီနှင့် ယှဉ်ပြိုင်ရမည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖြစ်သော်လည်း လက်တွေ့ နိုင်ငံရေး အခင်းအကျင်းများတွင်တော့ ANP နှင့် NLD ပါတီတို့သာ ဖြစ်နေသည်ကို တွေ့ရသည်။ ရခိုင်ပြည်လို နိုင်ငံတကာက အာရုံစိုက်စရာ ပြဿနာများရှိနေသော ဒေသတခုမှာ ရခိုင်ပြည်အခြေစိုက် ဒေသတွင်းပါတီတခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) က ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမတ်တွေ အများစု နေရာရရှိထားခြင်း၊ ပြည်ထောင်စုလွှတ်တော်တွင်လည်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ပေါင်းလိုက်လျှင် အမတ်ဦးရေ ၂၀ ကျော် ရှိနေခြင်းတို့သည် ရခိုင့်အရေးတခု ဖြစ်လာတိုင်း စုပုံတင်ပြရန်အတွက် အားသာချက်များ ဖြစ်လာသလို တဖက်တွင်လည်း NLD ပါတီဘက်မှ ကန့်ကွက်ရန်၊ သဘောတူရန် ကိစ္စများသည်လည်း သူတို့၏ သဘောထား ရောင်ပြန်ဟပ်မှုအပေါ်တွင် အများကြီး မူတည်လေသည်။ ရခိုင်အမျိုးသားပါတီ၏ မူဝါဒထဲတွင် ဖက်ဒရယ်ပြည်ထောင်စုသို့ သွားလိုသည်ဆိုသော အချက်တချက်ကလည်း ဒီမိုကရေစီအရေးကို ဖော်ဆောင်လာခဲ့သော NLD ပါတီအတွက် လမ်းစဉ်တူသည့်အချက် ဖြစ်နေသည်။ သို့သော် တကယ်တမ်း ရခိုင်ဘက်မှ ပြဿနာများကို ရှုမြင်ကြသည့်အခါမှာ ဒေသခံ ကိုယ်စားလှယ်များဖြစ်သော ရခိုင်အမတ်များနှင့် လက်ရှိအာဏာရပါတီဖြစ်သော NLD မှ အမတ်များနှင့် သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်လာခဲ့ရသည်။ တချို့ကလည်း နိုင်ငံရေးလွန်ဆွဲပွဲများ အစပြုခဲ့သော ကိစ္စရပ်များကြောင့် ပါတီနှစ်ခု သဘောထားကွဲလာခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဘူးသီးတောင်မှ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးနေမင်းထွန်းက “ရခိုင်ပါတီက NLD ကို အတိုက်အခံလုပ်တယ် ဆိုတာက အချက် ၃ ချက် ရှိပါတယ်။ NLD ရွေးကောက်ပွဲမှာ အနိုင်ရလာပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပဲ အစိုးရကို ဖွဲ့စည်းသွားပါတယ်။ ၂၀၀၈ မှာပါတဲ့ သမ္မတကနေပြီး ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်လို့ရတယ်ဆိုတဲ့ အနေအထားမှာ ရခိုင်ပါတီကို ဦးစားမပေးခဲ့ဘူး။ သူတို့ရဲ့ပါတီက ဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့ သူတို့ပါတီရဲ့ လူကိုပဲ ဝန်ကြီးချုပ် ခန့်အပ်ခဲ့တယ်။ အဲဒီကနေစပြီး အတိုက်အခံတွေ ဖြစ်လာကြတာပေါ့။ နောက်တချက်က ရခိုင်လွှတ်တော်အမတ်တွေ တင်ပြတာတွေကို သူတို့က အရေးယူ ဆောင်ရွက်မှု မရှိဘူး။ ပယ်တာတွေ၊ အရာမသွင်းတာတွေ လုပ်လာတာပေါ့။ နောက်ဆုံးအချက်ကတော့ ဘာသာရေးဆိုင်ရာ ကိစ္စတွေမှာလည်း သူတို့က ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ ဘာသာစုံကို ဦးစားပေးလာတယ်။ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ပါလျက် ဗုဒ္ဓဘာသာကို ဦးစားမပေးဘဲ ဖြစ်လာတဲ့အခါ ဒီအချက်ကလည်း အတိုက်အခံ ဖြစ်လာစေတဲ့ အကြောင်းတွေပေါ့။ ဒီအချက် ၃ ချက်ကြောင့်ပဲလို့တော့ မြင်ပါတယ်။ ဒီအချိန်မှာတော့ ရခိုင်ပါတီက ပူးပေါင်းမှုတွေ လုပ်ရင်တောင် NLD ပါတီက ယုံကြည်မှုမရှိတော့ဘူး။ သူတို့ပါတီ ၂ ခုရဲ့ ယုံကြည်မှုတွေက ပျက်စီးနေတာ ကြာပြီ” ဟု ၎င်း၏အမြင်ကို ပြောသည်။ ရခိုင်ဒေသတွင် နှစ်ရှည်လများ နေထိုင်လာခဲ့သော လူမျိုးတမျိုး၏ ပြဿနာကလည်း ယခုအချိန်တွင် မဖြစ်မနေ ဖြေရှင်းဖို့ နိုင်ငံတကာ ဖိအားများကို ရင်ဆိုင်လာရပြီ ဖြစ်သည်။ ယင်းအနေအထားများတွင် ဒေသတွင်း ပါတီ၏ သဘောထားကို မေးမြန်းမှုမရှိဘဲ ကိုဖီအာနန် ကော်မရှင်ကို အစိုးရက ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်တွင်းတွင်လည်း NLD ပါတီ ဖွဲ့စည်းပေးသော ရခိုင်ပြည်နယ်အစိုးရနှင့် ရခိုင်ကိုယ်စားလှယ်များ ကြီးစိုးသော ပြည်နယ်လွှတ်တော်များကြားတွင် သဘောထားကွဲလွဲမှုများ ဆက်တိုက်ရှိနေခဲ့ခြင်းများသည် ပါတီနှစ်ခု၏ အားပြိုင်မှုတခုအသွင် ဖြစ်ခဲ့သည်။ တချို့ကလည်း ပါတီနှစ်ခု၏ အားပြိုင်မှုသည် နို်င်ငံရေးအားပြိုင်မှု၊ ပြည်သူ့အကျိုးစီးပွားအတွက် အားပြိုင်မှုထက် အုပ်စုချင်း၊ ဝါဒချင်း အားပြိုင်သည့်ဘက်သို့ ရောက်လာသည်ဟု သုံးသပ်ကြပြန်သည်။ ရခိုင့်နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးများကို သုံးသပ်ချက် ဆောင်းပါးများ ရေးသားလေ့ရှိသည့် စစ်တွေမြို့အခြေစိုက် စာရေးဆရာ ဦးမောင်မောင်စော (ရခိုင့်ညွှန့်ဖူး) က ၎င်း၏အမြင်ကို ယခုလို ပြောခဲ့သည်။ “၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အခင်းအကျင်း ဒါတွေကို အားလုံး ပြန်ပြီးသုံးသပ်ဖို့ လိုတယ်လေ။ ၂၀၁၀ ရွေးကောက်ပွဲ အခင်းအကျင်းက ရလာတဲ့ လွှတ်တော်နိုင်ငံရေးက ဘယ်လိုရှိခဲ့တယ်။ ပြောရရင်တော့ အဲဒီတုန်းကလုပ်ခဲ့တဲ့ လွှတ်တော်နိုင်ငံရေးဟာ အတိုင်းအတာတခုထိ လမ်းပွင့်ခဲ့တယ်လို့ ပြောလို့ရနိုင်တယ်။ ဘာလို့ဆို လွှတ်တော်ထဲမှာ အမှား၊ အမှန်က အဓိကအခြေခံပြီး လုပ်ခဲ့ကြပါတယ်။ ခုဟာက ပြည်သူရဲ့ အကျိုးစီးပွားကို အခြေခံတာထက် အုပ်စုချင်း၊ ဝါဒချင်း အားပြိုင်နေသလို ဖြစ်နေပါတယ်။ ဒါတွေကို လုပ်ဆောင်နေတဲ့သူတွေ ကိုယ်တိုင်က သတိထားမိဖို့ လိုပါတယ်။ ဥပမာ ဈေး ၅ ဈေး မဖြစ်တဲ့ကိစ္စဆိုရင် ပြည်သူပဲ နစ်နာတာပေါ့။’’ အဆိုပါ ဈေး ၅ ဈေးကိစ္စ ပါဝင်ဦးဆောင်ခဲ့သော သူများထဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ မကြာမီက စည်ပင်ဝန်ကြီးရာထူး ဖြုတ်ချခံခဲ့ရသော NLD အမတ် ဦးမင်းအောင်လည်း ပါဝင်ခဲ့သည်။ ၎င်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် စည်ပင်ဝန်ကြီး ရာထူးကို ယူထားစဉ်ကာလက မီဒီယာများနှင့် ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်ကို တွေ့ရသည်။ ၎င်းအား ဖြုတ်ချရန်အတွက် ပြည်နယ်လွှတ်တော်တွင် မဲပေးပြီး ရွေးချယ်ခဲ့ရာတွင်လည်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှကိုယ်တိုင် ပါဝင်ခဲ့ခြင်း၊ စုံစမ်းရေးကော်မရှင်တွင် စွပ်စွဲထားသူများကိုယ်တိုင် ပါဝင်ခြင်း စသည့်လုပ်ရပ်များ ရှိခဲ့သည်ဟု အဆိုပါဝန်ကြီးဟောင်းက မီဒီယာများတွင် ပြောကြားခဲ့သည်။ သို့သော် လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်ကလည်း စည်းမျဉ်းစည်းကမ်းနှင့် မညီညွတ်တာ လုပ်ခဲ့လို့ရှိရင် သူကိုယ်တိုင် တာဝန်ယူနိုင်သည်ဟု မီဒီယာများတွင် ပြန်လည်ဖြေရှင်းခဲ့သည်ကို တွေ့ရသည်။ အဆိုပါဝန်ကြီးအား စွပ်စွဲခဲ့သည့် ပြစ်ချက်များတွင် တင်ဒါကိစ္စများ၊ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့ခြင်း မရှိခြင်း စသည့်အချက်များ ပါဝင်နေခဲ့သည်။ ယင်းကိစ္စအား NLD ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သော ဦးဉာဏ်ဝင်းမှ အုပ်စုလိုက် အနိုင်ကျင့်သည်ဟု ပြောကြားခဲ့သည်။ ယင်းကဲ့သို့သော ဖြစ်ရပ်များသည်လည်း ပါတီနှစ်ခု၏ သဘောထား တင်းမာမှုကို ပြသရာရောက်ခဲ့သည်။ ၂၁-၂-၂၀၀၈ နေ့က VOA က ဦးကျော်ဇံသာနှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်၊ မြောက်ဦးမဲဆန္ဒနယ်မှ တက်လာသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သော ဦးဦးလှစောနှင့် ရခိုင်ဒေသ ပြဿနာများကို ဆွေးနွေးသွားသည်ကို တွေ့ရသည်။ အဆိုပါ ဆွေးနွေးချက်များထဲတွင် ဝန်ကြီးတပါးကို ဖြုတ်ချသည့်ကိစ္စ အပါအဝင် လက်ရှိ အစိုးရအဖွဲ့ဝင်တွေ သွားနေသော လမ်းကြောင်းများနှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ယခုလို ပြောကြားထားသည်ကို တွေ့ရသည်။ “ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ အင်မတန် စိတ်ပျက်ဖို့လည်း ကောင်းတယ်။ ဝမ်းနည်းဖို့လည်း ကောင်းတဲ့ အခြေအနေ ဖြစ်နေတယ်။ စိုးရိမ်စရာလည်း ကောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အကုန်လုံးသိတဲ့အတိုင်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေမှာ နိုင်ငံတကာဖိအားတွေက အရမ်းပြင်းထန်နေတယ်။ အထူးသဖြင့် ရခိုင်ဒေသကို ဗဟိုပြု ပြင်းထန်နေတယ်။ ဒီဘက်က ခြိမ်းခြောက်မှုတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းမှာ၊ ကုလသမဂ္ဂမှာ R2P ကိစ္စတို့ ဘာတို့ပေါ့။ "အဲဒီတော့ အစိုးရဘက်ကလည်း သူ့ဗျူဟာနဲ့သူ ခုခံဖို့ လုပ်နေတယ်။ ဒါပေမယ့် ထိရောက်မှု၊ တိုးတက်မှုတွေ မမြင်ဘူး။ ရှေ့မှာ ဘာဖြစ်လာမလဲ ဆိုတာကို ကျနော်တို့ ကြိုတင်မခန့်မှန်းနိုင်ဘူး။ အဲဒီအချိန်မှာ ကျနော်တို့ လွှတ်တော်မှာလည်း အမြဲပြောပါတယ်။ တပ်မတော်၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေ၊ ရခိုင်က အင်အားစုတွေ အကုန်လုံး တညီတညွတ်တည်းနဲ့ ဒီဟာကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်ရမယ်ဆိုတဲ့ ဗျူဟာမျိုးကို ကျနော် ပြောပါတယ်။ ရခိုင်မှာလည်း ဒီလိုပဲ ဖြစ်သင့်တယ်။ ဒါပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ နံပါတ်တစ်အချက်ကတော့ ရခိုင်တွေရဲ့ အခန်းကဏ္ဍဟာ ပျောက်နေတယ်။ ရခိုင်တွေရဲ့ ပါဝင်ပူးပေါင်းမှုကို လမ်းဖွင့်မထားဘူး။ နောက် ရခိုင်တွေရဲ့ အာဘော်၊ ရခိုင်ပြည်သူတွေရဲ့အသံ ပျောက်နေတဲ့အတွက်ကြောင့် အထဲမှာ ကျနော်တို့ကြားထဲမှာ ညပ်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒီဟာက တချက်ပေါ့။ "နောက်တချက်ကတော့ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကြားထဲမှာရှိတဲ့ ပွတ်တိုက်မှုဟာလည်း တော်တော်လေးကို ပြင်းထန်ပါတယ်။ ပြင်းထန်တယ်ဆိုတာကို ဗဟိုကပဲ မသိလို့လားတော့ မသိဘူး။ ဒါက ကောင်းတဲ့လက္ခဏာလည်း မဟုတ်ဘူး။ နောက် ကျနော်တို့ ဝန်ကြီးတပါးကို ဖြုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီဝန်ကြီးကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ လုပ်ရည်ကိုင်ရည်လည်း ညံ့ဖျင်းတယ်။ မောက်မာတယ်။ အဲဒီ သူ့အမှားပေါ်မှာ လွှတ်တော်က လုပ်လိုက်တဲ့အခါမှာလည်း ရခိုင်ပြည်နယ် အစိုးရက သိပ်ကျေနပ်ပုံမရဘူး။ နောက် မြောက်ဦးကိစ္စ ဖြစ်လာတဲ့အခါမှာလည်း ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ၊ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်နေတဲ့အခါမှာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ ဖြစ်ရပ်တခု၊ အဲဒီတော့ အဲဒီဖြစ်ရပ်ပေါ်မှာ ကိုယ်တို့ရဲ့ စီမံခန့်ခွဲပုံ ညံ့ဖျင်းတာကို ဝန်မခံဘဲနဲ့ ငါတို့လုပ်တာ မှန်တယ်ဆိုတဲ့ အပေါက်မျိုး လုပ်သွားတဲ့ အခါကတော့ ဒီဘက်က လွှတ်တော်ကလည်း တုံ့ပြန်တာပေါ့။ ဘာကြောင့်ဖြစ်လို့လဲ ဆိုတော့ လွှတ်တော်ထဲမှာ မြောက်ဦးက အမတ်တွေ ရှိတယ်။ နောက် ရခိုင်ပြည်သူတွေ ဆိုတော့ လွှတ်တော်ဘက်ကလည်း တော်တော်လေး ခံစားရတယ်။ အစိုးရဘက်ကတော့ သိပ်ခံစားသွားရပုံမပေါ်ဘူး။ ဒါက လုပ်ရိုးလုပ်စဉ်၊ ဖြစ်ရိုးဖြစ်စဉ်ပဲ ထင်တယ်။ လွှတ်တော်လမ်းကြောင်းက ကြိုးစားတဲ့အခါကျတော့ ပွတ်တိုက်မှု ဖြစ်ပြန်ရော။ နောက် ပိုဆိုးတာက ကျနော်တို့ မြောက်ဦးဟာ စိတ်ဒဏ်ရာရနေတဲ့ မြို့တမြို့ ဖြစ်သွားတယ်။ ကြောက်စိတ်တွေလည်း ရှိတယ်။ ဒေါသထွက်တာတွေ၊ နာကြည်းတာတွေ၊ အကုန်လုံး Trauma တခုလို ခံစားနေရတယ်။” ပြောဆိုသွားတာများကို တွေ့ရသည်။ ဇန်နဝါရီ ၁၅ ရက်နေ့က စာပေဟောပြောပွဲ မကျင်းပရသည့်အတွက် ဖြစ်ပွားသွားသည့် မြောက်ဦးကိစ္စတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၁၂ ဦး ရှိခဲ့သည်။ ဒဏ်ရာရသူများကိုလည်း စစ်တွေဆေးရုံမှာ ဆေးကုနေရင်းနှင့် ထပ်မံဖမ်းဆီးခဲ့သည်တို့ ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်အား ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ကွင်းဆင်းမည့် အစီအစဉ်များ ပြုလုပ်ခဲ့သည်။ ယင်းသို့ပြုလုပ်မှုကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့များကို မည်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများကမှ ပူးပေါင်းဆောင်ရွက်မှုများ မပြုလုပ်ရန် တားမြစ်စာ ထုတ်ပြန်ခဲ့သည်။ ယခုအချိန်ထိလည်း ယင်းအရေးအခင်းတွင် ကျူးလွန်ခဲ့သူများဖြစ်သော ရဲဝန်ထမ်း တဦးတလေကိုမှ အရေးယူ ဆောင်ရွက်မှု မရှိသေးပေ။ ဦးဦးလှစောကတော့ ပထမ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရခိုင်တွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သော ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဝန်ကြီး ဦးလှမောင်တင်တို့လက်ထက်တွင် ရခိုင်လူထုသည် Redical ဆန်မှု နည်းပါးခဲ့ပြီး ယခုအစိုးရလက်ထက်တွင် လူထုနှင့်ကင်းကွာသလို ဖြစ်လာပြီး Redical ပိုဆန်လာကြောင်း၊ အစိုးရအနေဖြင့် Liberalize လုပ်ပေးဖို့လိုကြောင်း VOA အင်တာဗျုးတွင် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။ သဘောထားကွဲလွဲမှုများမှသည် ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ တင်ပြလာသည့် နိုင်ငံရေးကိစ္စရပ်များသည်လည်း မဲခွဲဆုံးဖြတ်လိုက်တိုင်း ပြည်ထောင်စုလွှတ်တော်တွင် အရှုံးပြလာသည်ကို တွေ့မြင်လာရတော့သည်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဘူးသီးတောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ဦးအောင်သောင်းရွှေ၏ ရခိုင်ပြည် မြောက်ပိုင်းဒေသတွင် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသား ပြည်သူများ အသက်အိုးအိမ် လုံခြုံရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား ရေတို ရေရှည် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုသည်လည်း ပြည်ထောင်စုလွှတ်တော်တွင် ဘူးသီးတောင်မှ ကန့်ကွက်မှုများကြောင့် မှတ်တမ်းအဖြစ်သာ ထားရှိခဲ့ရသည်။ သူ တင်ပြခဲ့သည့် အချက်အလက်များတွင် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ စိုးရိမ်ထိတ်လန့်နေရကြောင်းများ ပါဝင်ခဲ့သည်။ ထိုသို့သော အကြောင်းရင်းများကြောင့်လည်း အဆိုပါဒေသ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ရာမှာ ဒေသခံများ၏ ပိုင်ဆိုင်သော ပစ္စည်းများအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၆ အရ နိုင်ငံတော်မှ ကာကွယ်ပေးရမည်ဟု ဆိုထားသည့်အတိုင်း ဒေသန္တရဥပဒေတခု ထုတ်ပြန်သင့်ကြောင်း ပါရှိခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များလည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် ရှိခဲ့သည်။ ပြဿနာများကြောင့် ရွှေ့ပြောင်းသွားရသော ဒေသခံတို့၏ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများမှာ ပြန်လည်ရောက်ရှိကြသောအခါ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်းများနှင့် အမြဲလိုလို ရင်ဆိုင်နေရသည်ကို လေ့လာသိရှိရသည်။ ဦးအောင်သောင်းရွှေ အဆိုအား ထောက်ခံဆွေးနွေးသည့် ကျောက်တော်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်း၏ ဆွေးနွေးချက်များတွင်လည်း မြန်မာ့အရေးတွင် အရေးပါသော ဖြစ်ရပ်များကို ချိန်ထိုးပြထားသည်ကို တွေ့ရသည်။ သူ့အဆိုထဲတွင် “ဒီနေ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင် တရားမဝင် ဝင်ရောက်နေထိုင်သူတွေရဲ့ ပြဿနာဟာ နိုင်ငံတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာကို ထိပါးလာကြတဲ့အတွက် အဲဒီ illegal migrate တွေအတွက် ပြတ်သားတဲ့ မူဝါဒတွေ ချမှတ်နေကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီနေ့ UN နှင့် နိုင်ငံတကာဌာနချုပ် ၂၀ ကျော်၊ NGO များစွာရှိတဲ့၊ နိုဘယ်လ်ဆုရှင် ၂၀ ကျော်ထွက်တဲ့ ဆွစ်ဇာလန်လိုနိုင်ငံမှာတောင် xenophobia ခေါ် သူစိမ်းကြောက်ရောဂါ စွဲကပ်နေတာကို ၂၀၁၅ ရွေးကောက်ပွဲရလဒ်က သက်သေပြနေပါတယ်။ နိုင်ငံခြားသား အခြေချ နေထိုင်မှုကို တားမြစ်နိုင်အောင် immigration law ကို ပြုပြင်ပါ့မယ်လို့ မဲဆွယ်ခဲ့တဲ့ လက်ယာယိမ်းပါတီဖြစ်တဲ့ SVP ဆွစ်ပြည်သူ့ပါတီဟာ လွှတ်တော်မှာ နေရာအများဆုံးကို အနိုင်ရရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်က ပြဿနာနှင့်ပတ်သက်ရင် cas study လုပ်လို့ရနိုင်တဲ့ နိုင်ငံတွေ ဒီဘက်ခေတ်မှာ မရှားပါဘူး’’ ဆိုပြီး သူ့အဆိုမှာ ထည့်သွင်းပြောကြားခဲ့မှုကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ ရခိုင်ဒေသ လုံခြုံရေးအတွက်ကတော့ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြသော အဆိုများမှာ ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်ထက် မနည်းတော့ပေ။ သို့သော် ကန့်ကွက်မှုများနှင့်သာ ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင်လည်း စစ်တွေတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ သုံးနေရာက ၄ လုံး ပေါက်ကွဲခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အတည်ပြုထားသည်။ ပေါက်ကွဲခဲ့သော နေရာများမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတင်မောင်ဆွေ၏ နေအိမ်အနီး၊ စစ်တွေခရိုင် တရားရုံးအနီး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ရုံးအနီးတို့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ​ပေါက်​ကွဲမှု​ကြောင့် ရခိုင့်အမျိုးသား​ကောင်​စီမှ ထိပ်​သီးပိုင်းတ​ဦး အပါအဝင်​ ၇ ဦးကို ဖမ်းဆီးစစ်​​ဆေး​နေသည်​။ ဆက်​စပ်​မှု ရှိ၊ မရှိ ဆိုသည်​က အစိုးရဘက်​မှ တရားဝင်​ထုတ်​ပြန်​မှု မရှိ​သေး​ပေ။ မည်သို့ပင်ဆို​စေ ​​ယင်းကဲ့သို့ မလုံမခြုံဖြစ်နေသော အနေအထားများ၊ တရားဥပဒေကို ခြိမ်းခြောက်သော ဖြစ်ရပ်များ ရှိနေသော်လည်း ရခိုင်ဒေသအတွက် လုံခြုံရေးများနှင့် တောင်းဆိုလိုက်သည့် အကြိမ်တိုင်းလည်း ပါတီ ၂ ခုမှ အားပြိုင်နေဆဲ။ လွှတ်တော်ချန်နယ်တွင် လွန်ဆွဲနေကြဆဲ။ ကျော်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024