ပြည်မြို့က လျှပ်စစ်မီးရရေး ဆန္ဒပြသူတချို့ ရိုက်နှက်ဖမ်းဆီးခံရ
အေးနိုင်
·
May 24, 2012
ပြည်မြို့ လျှပ်စစ်မီးရရှိရေး ဆန္ဒပြခေါင်းဆောင်တွေကို လုံထိန်းတပ်ဖွဲ့က ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။
ပြည်မြို့ လျှပ်စစ်မီတာရုံးက ဆန္ဒပြလာတဲ့ လူသုံးရာခန့်ကို ရဲလုံထိန်းအင်အား တရာခန့်က တားဆီးပြီး ဦးဆောင်သူတွေထဲက ၃ ဦးခန့် ရိုက်နှက်ခံရပြီး ဆန္ဒပြသမားတွေက မရိုက်နှက်ဖို့ ဝိုင်းဝန်းကန့်ကွက်တော့မှ ၇ ဦးခန့်ကို ဖမ်းဆီးပြီး အမှတ် ၂ ရဲစခန်းကို ခေါ်ဆောင်သွားတယ်လို့ ဦးဆောင်သူ တဦးလည်းဖြစ်တဲ့ ပြည်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီဝင် ကိုကျော်ဆန်းက ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊ မုံရွာ သုံးခွနဲ့ ပြည်မြို့တွေမှာ လျှပ်စစ်မီးရရေးဆန္ဒပြပွဲတွေ ဒီလ ၂၀ ရက်က စလို့ တစတစ ကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။
မနေ့ညကတော့ ပြည်မြို့အနီး ပေါင်းတည်မြို့မှာလည်း လူ ၇၀ ခန့် ဆန္ဒပြသလို မန္တလေးမြို့နဲ့ ရန်ကုန်မှာလည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်ပါတယ်။