ပြင်ဦးလွင်မြို့မှာ စစ်အတွင်းပျက်ကျခဲ့တဲ့ လေယာဉ်ပျက်ကို အမေရိကန်နိုင်ငံသားနဲ့အဖွဲ့က သွားရောက်ရှာဖွေခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံသား Mr.Trent Tyan Breland ဦးဆောင်တဲ့ ၁၀ ဦးပါ အဖွဲ့ဟာ ပြင်ဦးလွင်မြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို မတ်လ ၁၀ ရက်နေ့ မနက်က ရောက်ရှိခဲ့ပြီး စစ်အတွင်း ပျက်ကျခဲ့တဲ့ လေယာဉ်နဲ့ပတ်သက်လို့ မေးမြန်းစုံစမ်းခဲ့ကြပါတယ်။
အဲဒီကျးရွာနေ ဦးမောင်မောင်လွင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကျေးရွာတောင်ဘက် ၁၀ မိုင်လောက်အကွာ နွားလပို့ တောင်အနီးမှာ တောလိုက်တုန်းက လေယာဉ်ပျက် အပိုင်းအစတွေ တွေ့ရှိခဲ့တယ်၊ ဦးသိန်း (၇၉ နှစ်) ကလည်း သူငယ်ရွယ်စဉ်က တောလည်သွားစဉ် လေယာဉ်ပျက်ကို တွေ့မြင်ခဲ့ကြောင်း ပြောကြားခဲ့လို့ သွားရောက် ရှာဖွေခဲ့ကြတာပါ။
Mr.Trent Tyan Breland နဲ့အဖွဲ့ဟာ မတ် ၁၀ ရက်နေ့က နွားလဘို့တောင်အနီး လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို သွားရောက်ရှာဖွေခဲ့ရာ လေယာဉ်ပျက်အပိုင်းအစလို့ ယူဆရတဲ့ သံပြား ၁ ခုအား တွေ့ရှိလို့ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့တယ်။
မတ်လ ၁၁ ရက်နေ့ကလည်း သူတို့အဖွဲ့ဟာ နွားလဘို့ တောင်အနီးကို ထပ်မံသွားရောက်ခဲ့ပြီး ရှာဖွေခဲ့ရာ လေယာဉ်ပျက်အပိုင်းအစလို့ ယူဆရတဲ့ သံပြား ၄ ခုကို တွေ့ရှိခဲ့လို့ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။