Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက် ကမ္ဘာ့စီးပွားရေးဖိုရမ်တက်မည်
ပီတာအောင်
·
May 24, 2012
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သီတင်းပတ် အတွင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို သွားရောက်ဖို့ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ  ဦးဥာဏ်ဝင်းက “ဟိုဘက်က အစီအစဉ်တော့မသိပါဘူး။ ဒီကနေ ၂၈ ရက်နေ့ ထွက်မယ်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်တက်မှာပါ” လို့ ပြောပါတယ်။ ၂၁  ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် ကို  ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မေ ၃၀ ကနေ ဇွန် ၁ ရက်အထိ ကျင်းပဖို့ အစီအစဉ်ရှိနေတာပါ။ ဒီအစည်းအဝေးပွဲမှာ အာဆီယံနဲ့ အာရှဒေသက အစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေ အာရှ စီးပွားရေးကို ဦးဆောင်နေတဲ့ ကုမ္ပဏီအကြီးအကဲတွေ တက်ရောက်ဖို့ရှိပြီး  မြန်မာနိုင်ငံရဲ့ လက်ရှိ အပြောင်း အလဲတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာအတွက် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့အကြောင်းအရာကို “မြန်မာရဲ့ ကတိက၀တ်နဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ ထည့်သွင်းဆွေးနွေးဖို့ ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ ခရီးစဉ်မှာ ဘယ်နှရက်ကြာမယ်ဆိုတာ မသိရသေးတဲ့ အကြောင်း နဲ့  မြန်မာနိုင်ငံ ပြန်လာပြီးမှ ဇွန်လလယ်လောက်မှာ သွားဖို့   စီစဉ်ထားတဲ့ ဥရောပ ခရီးစဉ်တွေ ထွက်ခွာမယ်လို့ အန်အယ်လ်ဒီပါတီက ပြောပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၄ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ဖွယ် ရှိပြီး ပြည်ပမှာကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှာ ပထမဆုံး ပါဝင်တက်ရောက်မှု လည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024