ဇလုံတောင်ပေါ်သို့ ဆိုင်ကယ်နှင့် ကားများ တက်ရောက်ခွင့်မပြုတော့
DVB
·
March 12, 2018

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့ရှိ ဇလုံတောင်ပေါ်ကို မတ် ၁၁ ရက်က စတင်ပြီး ပြင်ပက လာရောက်ကြတဲ့ ပုဂ္ဂလိကမော်တော်ယာဉ်တွေနဲ့ မော်တော်ဆိုင်ကယ်တို့ကို လုံးဝ တက်ရောက်ခွင့်မပြုတော့ဘူးလို့ သိရပါတယ်။
“ဘုရားဖူးခရီးသည်ကားတွေကို အရင်ကတည်းက တက်ရောက်ခွင့်ပြုမထားပါဘူး။ ဒါပေမယ့် တချို့ကားတွေ ကျတော့လည်း ခွင့်ပြုချက်တောင်းပြီးတော့ တက်သွားကြတာတွေ ရှိနေတယ်။ ဆိုင်ကယ်တွေဆိုရင်လည်း ဒေသခံ ကျေးရွာတွေကလိုလို၊ ဈေးဆိုင်တန်းတွေကလိုလိုနဲ့ တချို့ တက်သွားကြတာတွေ ရှိနေတယ်။ ဒီလို တက်သွားကြလို့ မတော်တဆမှုတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ မကြာခဏ ဖြစ်ပေါ်နေလို့ အခုလို လုံးဝပိတ်လိုက်ရတာပါ” လို့ ဇလုံတောင်ရှိ တာဝန်ရှိသူတဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဇလုံတောင်ဟာ အင်းတော်မြို့ကနေ ၂၉ မိုင်၊ တောင်ခြေက တောင်ပေါ်ကို ၉ မိုင် ၄ ဖာလုံ တက်ရောက်ရပြီး တောင်ဆင်း၊ တောင်တက် အလွန်ကြမ်းတမ်းမတ်စောက်တဲ့ မြေသား တောင်ပေါ်လမ်း ဖြစ်တယ်လို့ သိရပါတယ်။
ဇလုံတောင်ကို လာရောက်ကြတဲ့ ပြည်တွင်းခရီးသည်တွေကို ဗန်းမောက်မြို့နယ်က တာဝန်ရှိသူတွေရဲ့ အစီအစဉ်နဲ့ ''ဇလုံတောင်'' ကားအသင်းက ဟိုင်းလတ်ဖိုးဝီးမော်တော်ယာဉ် ၈၅ စီးနဲ့ အတက်ခရီး တဦးကို ငွေကျပ် ၃ဝဝဝ၊ အဆင်းခရီး တဦးကို ငွေကျပ် ၃ဝဝဝ နှုန်းနဲ့ အန္တရာယ်ကင်းရှင်းစွာ ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ဇလုံတောင်ပေါ်မှာ အရင်က မော်တော်ကားတိမ်းမှောက်မှုနဲ့ မတ် ၁ဝ ရက်က မော်တော်ဆိုင်ကယ် တိမ်းမှောက်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာကြောင့် အခုလို ပိတ်ပင်လိုက်တာဖြစ်ပြီး နိုင်ငံခြားသားတွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
သတင်း- သက်နိုင်(ပြင်ဦးလွင်)၊ ဓာတ်ပုံ - MOI