လစာတိုးမြှင့်ပေးရေး စက်မှုဇုန်အလုပ်သမားများ ဆက်လက်ဆန္ဒပြ
နော်နိုရင်း
·
May 23, 2012

အခြေခံလုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်မှုဇုန်အလုပ်သမားတွေဟာ သူတို့ တောင်းဆိုထားချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက်ဆန္ဒပြနေပြီး တချို့စက်ရုံတွေမှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား တင်းမာမှုတွေ ရှိနေပါတယ်။
[caption id="attachment_25811" align="alignleft" width="300" caption="YJ အထည်ချုပ်စက်ရုံ အလုပ်သမားများ"]
[/caption]
ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ၊ တိုက်ကြီးနဲ့ မှော်ဘီမြို့နယ်က စက်ရုံ အလုပ်ရုံတချို့က အလုပ်သမားတွေဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ရေးအတွက် အခုလ ၁၀ ရက်နေ့လောက်ကတည်းက နေ့စဉ်ရက်ဆက် တောင်းဆိုဆန္ဒပြနေတာပါ။
ဆန္ဒပြနေတာ ၂ ရက်ရှိပြီဖြစ်တဲ့ တိုးမြင့်အောင် ဇာထိုးပန်းထိုး စက်ရုံမှာတော့ အလုပ်သမားတွေကို စက်ရုံမန်နေဂျာတွေက အတင်းအကျပ် ကိုင်တွယ်မှုတွေ လုပ်နေတယ်လို့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက်အောင်က ပြောပါတယ်။
“လက်ရှိအခြေအနေအရ ဒီမနက်မှာ တိုးမြင့်အောင်ဆိုတဲ့ ဇာထိုးပန်းထိုး စက်ရုံက တော်တော်ကို အခြေအနေဆိုးတယ်။ ဘယ်လို ဆိုးလဲ ဆိုလို့ရှိရင် ကလေးတွေကို စက်ရုံထဲ ဖယ်ရီကားတွေ အတင်းမောင်းသွင်းတဲ့အခါမှာ ကလေးတွေက အဲဒီဖယ်ရီးကားတွေပေါ်က ဆင်းဖို့ ကြိုးစားတဲ့အခါမှာ နောက်ကနေ ခါးတွေကို ဆောင့်ဆွဲထားတယ်။ ခါးကို ဆောင့်ဆွဲထားတာဖြစ်တဲ့အတွက် အချို့မိန်းကလေးတွေဆိုရင် ထမီတွေ ကျွတ်ကုန်တယ်။ နောက်တချက်ကကျတော့ ဆံပင်ရှည်တဲ့ မိန်းကလေးတွေဆိုရင် ဆံပင်တွေကို နောက်နေ ရစ်ပြီးဆော့ ဆောင့်ဆွဲတယ်။ မိန်းကလေးတယောက်ကိုဆိုရင် ပါးရိုက်ပစ်လိုက်တယ်။ အဲဒါက စက်ရုံမှူးတွေ၊ မန်နေဂျာတွေက လုပ်နေပါတယ်။”
တိုးမြင့်အောင် ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမားတွေဟာ အခြေခံလစာ ၃ သောင်းရဖို့၊ တနင်္ဂနွေနေ့မှာ အလုပ်မဆင်းရဖို့နဲ့ စနေနေ့မှာ နေ့တဝက်ပဲ အလုပ်ဆင်းခွင့်ရဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။
အလားတူ မေ ၁၀ ရက်နေ့က စတင်ဆန္ဒပြခဲ့တဲ့ ဟိုင်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေကလည်း အလုပ်သမားရေးရုံး ကြားခံပြီး ပိုင်ရှင်နဲ့ ညှိနှိုင်းပြေလည်၊ သဘောတူညီချက်တွေ လက်မှတ်ထိုးပြီး တောင်းဆိုတဲ့အတိုင်း ကျပ် ၃၀,၀၀၀ ပေးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တာကြောင့် ဆက်လက်ဆန္ဒပြနေကြတာပါ။
ဟိုင်မိုဆံပင်တုစက်ရုံက အလုပ်သမား ၁၈၀၀ ကျော်ဟာ အမျိုးသမီးတွေဖြစ်ပြီး ဆန္ဒပြမှု ရက်ကြာလာတဲ့အတွက် အလုပ်သမားတချို့ ကျန်းမာရေး ချို့တဲ့နေတယ်လို့လည်း ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ မယမင်းလွင်က ပြောပါတယ်။
“အခု အလုပ်သမားတွေ တော်တော်လေးကို ဖျားနာတဲ့လူတွေရှိတယ်။ ၁၇ ရက်နေ့ ညီမတို့ တော်တော်လေး တင်းတင်းမာမာ ဖြစ်သွားတဲ့နောက်ပိုင်းမှာ စက်ရုံအာဏာပိုင်တွေ အကုန်လုံးက သူတို့ဟာသူတို့ ရှောင်နေကြတယ်။ မိန်းကလေးတွေလည်းဖြစ်တယ်၊ စက်ရုံက ပေးတဲ့အဆောင်မှာလည်း နေရတာဆိုတော့ ညရေးညတာ အခက်အခဲကျတော့ သူတို့ရဲ့ လုံခြုံမှုအတွက် မိန်းကလေးတွေ သူတို့ဟာသူတို့ ကင်းစောင့်ရတယ်။ အဲဒီရက်ပိုင်းက နေ့ခင်းပိုင်း နေပူတယ်၊ ညဘက် မိုးရွာတယ်၊ အဲဒါတွေကြောင့်မို့လို့ အပူတွေငုပ်ပြီး အခု ဖျားနာမှုတွေ အများကြီးပဲ ဖြစ်နေတယ်။”
ကိုရီးယားနိုင်ငံသားပိုင် ဝိုင်ဂျေ အထည်ချူပ်စက်ရုံမှာတော့ အလုပ်သမားတွေ လစာတိုးမြှင့်ဖို့ ဆန္ဒပြတောင်းဆိုနေတာနဲ့ ပတ်သက်ပြီး စက်ရုံပိုင်ရှင်နဲ့ ကိုရီယားသံရုံး တာဝန်ရှိသူတွေက သတင်းမီဒီယာတွေကို မနေ့က တွေ့ဆုံခဲ့ရာမှာ စက်ရုံပိုင်ရှင်က သူ့အနေနဲ့ ဝန်ထမ်းတွေကို လစာ တိုးပေးဖို့ ပြောထားပေမယ့် တောင်းသလောက် တိုးပေးရင် သူ့ဘက်မှာ ကုန်ကျစရိတ်တွေ အရမ်းများလာတာမို့ မဖြစ်နိုင်တဲ့အကြောင်း ဒါပေမယ့် အခြားစက်ရုံတွေနဲ့ အခွင့်အရေး တန်းတူ ဖြစ်စေရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ စကားပြန်နဲ့ ပြောဆိုခဲ့ပါတယ်။
လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခလစာတိုးမြှင့်ရေးအတွက် ဆန္ဒပြတဲ့ စက်ရုံတွေကတော့ ဟိုင်မိုဆံပင်တုစက်ရုံ၊ ပုလဲ၊ ဝိုင်ဂျေ၊ စပယ်ပွင့်၊ နေမင်းရောင် အထည်ချုပ်စက်ရုံနဲ့ တိုးမြင့်အောင် ဇာထိုးပန်းထိုးစက်ရုံ အစရှိတဲ့ စက်ရုံတွေဖြစ်ပြီး လူဦးရေ ၆၀၀၀ လောက်ရှိတယ်လို့ ဆန္ဒပြပွဲကိုစောင့်ကြည့်နေသူတွေက ခန့်မှန်းပါတယ်။
အလားတူ တိုက်ကြီးမြို့နယ် MGE အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ လောက်ဟာလည်း အလုပ်ခွင်အတွင်းမှာ ဖိအားပေးခိုင်းစေမှုတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရပ်ဖို့နဲ့ အခြေခံလစာကို ၁ သောင်း တိုးပေးဖို့ တောင်းဆိုထားရာမှာ အလုပ်ရှင်ဘက်က ၆ ထောင်ပဲ တိုးပေးတဲ့အပေါ် ညှိနှိုင်းမရဖြစ်နေတဲ့အတွက် ဆက်ပြီး ဆန္ဒပြကြပါတယ်။
အလုပ်ရှင်ဘက်ကတော့ အလုပ်သမားတွေကို အခုလ ၂၄ ရက်နေ့ထိ နောက်ဆုံးထား အလုပ်မဆင်းရင် ပျက်ရက် ၃ ရက်သတ်မှတ်ပြီး အလုပ်က ထုတ်ပယ်သွားမယ်လို့ စာထုတ် သတိပေးထားပါတယ်။
မှော်ဘီမြို့နယ် မြောင်းတကာ သံရည်ကျိုစက်ရုံမှာလည်း အလုပ်သမား ၇၀၀ လောက် အခြေခံလစာ တိုးမြှင့်ရေး ဆန္ဒပြနေကြရာမှာ အလုပ်ရှင်က တာဝန်ယူမဖြေရှင်းတဲ့အတွက် အလုပ်သမားတွေက ဆက်ပြီး ဆန္ဒပြနေကြပါတယ်။
