ရန်ကုန်မီး ၂ ပတ်အတွင်း ၂၄ နာရီ လင်းမည်ဆိုသည့်သတင်း သက်ဆိုင်ရာက ပယ်ချ
ရွှေအောင်
·
May 23, 2012
ရန်ကုန်မြို့ကို ၂ ပတ်အတွင်း ၂၄ နာရီ မီးပေးနိုင်တော့မယ်လို့ သတင်းများ ထွက်ပေါ်နေတဲ့အပေါ် သက်ဆိုင်ရာက ပယ်ချလိုက်ပါတယ်။
အခုလို သတင်းထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ တာဝန်ရှိသူတဦးက ခုလို ဖြေကြားခဲ့ပါတယ်။
“တာဝန်ရှိတဲ့သူတွေကတော့ ချပြတာ၊ တွေ့ဆုံပြီး ရှင်းပြတာ၊ ပြောပြတာ တခုမှ မရှိသေးပါဘူးခင်ဗျ။ ယခင် ၁၉ ရက်နေ့က ရှင်းလင်းထားတဲ့ အတိုင်းပဲ အဲ့အတိုင်း ဖြန့်ဖြူးပေးနေပါတယ်။”
လျှပ်စစ်မီးပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အထူးတလည် ပြောစရာရှိရင် မီဒီယာ အားလုံးကို အသိပေးပြောကြားမှာပါလို့လည်း တာဝန်ရှိသူက ပြောပါတယ်။
မြို့တော်ဓာတ်အားပေးရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ မေ ၁၉ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပြီး ရွှေလီ-မန်စံ ဓာတ်အားလိုင်း တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရလို့ မီးပြတ်မယ့်အကြောင်း အသိပေး ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အဲ့ဒီလို ထုတ်ပြန်ခဲ့ရာမှာ တာဝါတိုင်ဖျက်ဆီးခံရပြီး ဓာတ်အား လျော့နည်းတာကြောင့် ရန်ကုန်စက်မှုဇုန်တွေကို မီးဖြတ်မယ်၊ အများပြည်သူကို မေ ၂၁ ရက်က စပြီး အလှည့်ကျမီးပေးမယ်လို့ ပြောဆိုခဲ့တာပါ။
မြို့တော်ဓာတ်အားပေးရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ ရန်ကုန်မြို့ လူနေရပ်ကွက်တွေမှာ အိမ်တအိမ်ဟာ တရက်ကို ၆ နာရီ မီးပျက်မှာ ဖြစ်ပါတယ်။
မေ ၂၂ ရက်ညပိုင်းမှာတော့ ရန်ကုန် ဆူးလေဘုရားအနီးမှာ လျှပ်စစ်မီး အပြည့်အဝရရှိဖို့ မြို့လူထုရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။