ဂျပန်နှင့် အီးယူ ကုန်သွယ်ရေ၀န်ကြီးနှစ်ဦး တွေ့ဆုံ

854
ဂျပန် ကုန်သွယ်ရေးဝန်ကြီး ဟိရိုရှိငဲ့ဆဲခိုဟာ ဥရောပသမဂ္ဂ အီးယူကုန်သွယ်ရေး အကြီးအကဲ စီစီလီယာ မဲလ်မ်းစထရောင်းနဲ့ မတ်လဆယ်ရက်နေ့က တွေ့ဆုံပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က သံမဏိနဲ့ အလူမီနီယံတွေ တင်သွင်းမှုအပေါ် ထပ်ဆောင်းခွန် ကောက်မယ်လို့ ကြေညာအပြီး ရက်ပိုင်းအတွင်း ခုလို တွေ့ဆုံတာပါ။
သံမဏိအပေါ် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံ အပေါ် ၁၀ ရာခိုင်နှုန်း ထပ်ဆောင်းအခွန် ကောက်မယ်လို့ ထရမ့်က မတ်လ ၈ ရက်နေ့မှာ ပြောခဲ့တာပါ။
ထရမ့်ရဲ့ လုပ်ရပ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲကို အစပျိုးစေနိုင်တယ်လို့ မဟာမိတ်တွေက သတိပေးခဲ့ပါတယ်။
ထပ်ဆောင်းခွန် ပေးရမယ့် နိုင်ငံစာရင်းထဲကနေ ကနေဒါနဲ့ မက္ကဆီကိုကို ခြွင်းချက် ပေးခဲ့ပြီး တခြား မဟာမိတ်တွေကိုလည်း ခြွင်းချက်ပေးမယ့် ဖြစ်နိုင်ချေကို ကိုင်စွဲထားပါတယ်။
မဲလ်မ်း စထရောင်းဟာ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်တီဇာနဲ့ ဘယ်လ်ဂျီယံ နိုင်ငံရဲ့ မြို့တော် ဘရပ်ဆဲလ်မှာ မတ် ၁၀ ရက်နေ့မှာပဲ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
ဒီဆွေးနွေးပွဲတွေက ပြသနာတွေ အားလုံးကို ဖြေရှင်းနိုင်မှာတော့ မဟုတ်ဘူးလို့ EU ရဲ့ အမှုဆောင်တွေက ပြောပါတယ်။
အမေရိကန်ရဲ့ အာရှဒေသ စီးပွားရေး စစ်ရေးဆိုင်ရာ ထိပ်တန်း မဟာမိတ်ဖြစ်တဲ့ ဂျပန်က တခြားနိုင်ငံတွေလိုပဲ ခြွင်းချက် ပေးခံရမယ့် စာရင်းထဲမှာ ပါခွင့်ရဖို့ ကြိုးစားနေတာပါ။
EU ရဲ့ အဖွဲ့ဝင် ၂၈ နိုင်ငံအတွက် ကုန်သွယ်ရေး မူဝါဒတွေ ချမှတ်ရာမှာ ညှိနှိုင်းပေးတဲ့ ဥရောပ ကော်မရှင်က တော့ ဒေသတွင်း သံမဏိနဲ့ အလူမီနီယံ လုပ်ငန်းတွေကို အရံအတားတွေ ထပ်ဆောင်းခွန်တွေ ခွဲတမ်းတွေနဲ့ ကာကွယ်ပေးသွားဖို့ အဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။