Live
Home
မြန်မာသတင်း
အလုပ်သမားပြဿနာပြေလည်ရန် ၈၈ ကြိုးပမ်း
အေးနိုင်
·
May 23, 2012
ရန်ကုန်တိုင်း စက်မှုဇုန်တွေက စက်ရုံ အလုပ်ရုံတွေမှာ ဆန္ဒပြပွဲတွေဖြစ်ပေါ်နေတာကို ညှိနှိုင်း ကိုင်တွယ်ဖြေရှင်းပေးဖို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က  ပန်ကြား လိုက်ပါတယ်။ အလုပ်သမား ၀န်ကြီးဌာန၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို) နဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွေဆီ ဒီနေ့ မေတ္တာရပ်ခံတောင်းဆို စာပေးပို့ခဲ့တာပါ။ ရန်ကုန်တိုင်း စက်မှုဇုန်တွေမှာ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေ တစတစ ပျံ့နှံ့လာနေချိန် မှာ တောင်းဆိုလိုက်တာပါ။ စာရဲ့ ရည်ရွယ်ချက်နဲ့ စာပါအကြောင်းအရာ ကို အဖွဲ့ပြောခွင့်ရသူ ကိုဇော်မင်းက ခုလို ရှင်းပြပါတယ်။ “ဆန္ဒပြတာ ရက်ရှည်လာတဲ့အခါ အလုပ်သမားတွေရဲ့ စားဝတ်နေရေးကော ကျန်းမာရေးကော ထိခိုက်လာတယ်။ ဒုတိယတပိုင်းက အလုပ်ရှင်နဲ့ အစိုးရအာဏာပိုင်နဲ့ အလုပ်သမားရဲ့အကြားမှာ တချို့ကိစ္စတွေမှာ ကတိက၀တ်ထား ပြေလည်သွားပြီ။ ပြေလည်သွားပြီးမှ နောက်တနေ့မှာ ပျက်ပါပြီဆိုပြီး ဖြစ်တယ်။ အဲဒီတော့ အလုပ်သမားတွေက ဒုတိယအကြိမ် ဆန္ဒပြတယ်။ အဲတော့ တခြားစက်ရုံတွေပါဖြစ်ပြီး ကျယ်ပြန့်လာတယ်။ အဲဒီအခါ အလုပ်သမားတွေလည်း ထိခိုက်လာတယ်။ အလုပ်ရှင်လည်း ထိခိုက်လာတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကိုလည်း အနည်းနဲ့အများ ထိခိုက်လာတယ်။ ဒါတွေကို မဖြစ်စေချင်တဲ့အတွက် အမြန်ဆုံး ညှိနှိုင်းကိုင်တွယ် ဖြေရှင်းပေးဖို့ မေတ္တာရပ်ခံတောင်းဆိုစာကို ကိုမင်းကိုနိုင် လက်မှတ်ထိုးပြီး စာပို့ပါတယ်။” ဒီနေ့မှာပဲ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေထံကို ပန်ကြားလွှာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။  လက်ရှိဖြစ်နေတဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေမှာ အကြမ်းဖက် ဆူပူမှုနဲ့ အင်အားသုံးဖြိုခွင်ခြင်း နည်းလမ်းတွေကို သဘောမတူကြောင်း ဖော်ပြထားပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ မိတ်ဖက် အကျိုးစီးပွားဖော်ဆောင်သူတွေ အနေနဲ့ အပြန်အလှန် လေးလေးစားစား ညှိနှိုင်း အဖြေရှာကြဖို့ ပန်ကြားလွှာမှာ တိုက်တွန်းထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အရင် ရက်ပိုင်းတွေက အလုပ်သမားတွေရဲ့ တောင်းဆိုမှုကို ကွင်းဆင်းလေ့လာခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမား ဆန္ဒပြမှုတွေရဲ့ အဓိက ကျောရိုးလိုအပ်ချက်ကို မေးကြည့်ရာမှာ ကိုဇော်မင်းက အချက်သုံးချက်ကို ထောက်ပြပြောဆိုပါတယ်။ “ပထမတပိုင်းက အတိအကျကိုင်တွယ် ဖြေရှင်းပေးနိုင်တဲ့ ဥပဒေ၊ တိကျပြတ်သားတဲ့ ဥပဒေမရှိဘူးလို့ ကောက်ချက်ဆွဲလို့ရတယ်။ ဒုတိယတပိုင်းက ဥပဒေမပေါ်ခင် စပ်ကြားမှာ ကိစ္စတွေကို လိုအပ်သလို ညှိနှိုင်းဖြေရှင်းဆောင်ရွက်တဲ့ ဥပဒေလည်း ပြဋ္ဌာန်းထားတာ ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို လက်တွေ့အကောင်အထည်ဖော်မှုမှာ အားနည်းနေတယ်။ ဒီနေ့တမျိုးဖြစ်လိုက်၊ နောက်နေ့တမျိုးဖြစ်လိုက်က များနေတယ်။ အဲသလို ညှိနှိုင်းဖြေရှင်းဆောင်ရွက်တဲ့ ပတ်ဝန်းကျင်တခု မထူထောင်နိုင်ခြင်းအတွက်လည်း ပြဿနာတွေ ဆက်လက် ဖြစ်ပွားနေတယ်။” “တတိယအပိုင်းမှာတော့ အခြေခံလုပ်ခအပိုင်းမှာ တအားနည်းနေပြီး တခြားကြေးတွေမှာ တိုးထားတယ်။ တိုးထားတော့ ဘာတွေဖြစ်လဲဆိုတော့ တခုခု ဖြစ်တာနဲ့၊ တနေ့လောက်ပျက်တယ်ဆိုတာနဲ့ ပိုက်ဆံတွေ ၇ ထောင်၊ ၈ ထောင် ဖြတ်ခံလိုက်ရတယ်။ အလုပ်သမားတွေကို လစာနှုန်းထား သတ်မှတ်ထားပုံက တစုံတရာ တုပ်နှောင်မှုတွေများနေတယ်။ အဲဒီအခြေအနေပေါ်မှာ အလုပ်သမားတွေ ဆန္ဒပြတာဖြစ်တယ်။” စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေထံ ပန်ကြားချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ ဦးမြင့်စိုးက ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ပန်ကြားလွှာပါအချက်ဟာ အလုပ်ရှင်တွေဘက်က သဘောထားနဲ့ ဆန့်ကျင်ဘက် မရှိဘူးလို့ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024