လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းရေး မြန်မာ- တရုတ်- ဘင်္ဂလားဒေ့ရှ် ဆွေးနွေး
DVB
·
March 10, 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် အမျိုးသားစွမ်းအင်အုပ်ချုပ်မှုဌာန ဒုတိယအုပ်ချုပ်ရေးမှူး၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အကြံပေးပုဂ္ဂိုလ်တို့နဲ့ တွေ့ဆုံပြီး မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ၃ နိုင်ငံအကြား လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် ၀န်ကြီးအဆင့်ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ တရုတ်နိုင်ငံ၊ အမျိုးသားစွမ်းအင်အုပ်ချုပ်မှုဌာန၊ ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Li Fanrong ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ စွမ်းအင်၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်သတ္တု အရင်းအမြစ်များဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Dr. Tawfiq-e-Elahi Chowdhury, BB ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့နဲ့ မနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။
တွေ့ဆုံဆွေးနွေးပွဲကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြတယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ-တရုတ်-ဘင်္ဂါလားဒေ့ရှ် သုံးနိုင်ငံအကြား လျှပ်စစ်ဓာတ်အား အပြန်အလှန်ဝယ်ယူရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (အမ်အိုယူ) ကို ၀န်ကြီးအဆင့် မနေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။