အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် ရဲ ၁ ဦး အပါအဝင် ၇ ဦးသေ

1K
အာဖဂန်နစ္စတန် နိုင်ငံရဲ့မြို့တော် ကဘူးလ်က ရှီးယိုက် မွတ်စလင်တွေနေတဲ့ ရပ်ကွက်မှာ မတ် ၉ ရက်နေ့က အသေခံ ဗုံးခွဲသမားတယောက် သူ့ကိုယ်သူ ဖောက်ခွဲခဲ့လို့ လူအနည်းဆုံး ၇ ယောက် သေဆုံးတယ်လို့ gulf times media က အစီရင်ခံပါတယ်။
ရှီးယားဟာဇာရာ တိုင်းရင်းသား လူနည်းစုဝင် နိုင်ငံရေးခေါင်းဆောင် အဗ်ဒူအလီ မာဇာရီကို အောက်မေ့ သတိရတဲ့ အခမ်းအနားကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရည်ရွယ်ပုံ ရတယ်လို့ အရာရှိတွေက ပြောပါတယ်။
သူ့ကို တာလီဘန်တွေက ၁၉၉၅ ခုနှစ်မှာ သတ်ဖြတ်ခဲ့တာပါ။ ဗုံးသမားကို လုံခြုံရေး စစ်ဆေးရေး စခန်းမှာ ရပ်ခိုင်းချိန်မှာ ပေါက်ကွဲခဲ့လို့ ရဲ ၁ ယောက်နဲ့ အရပ်သား ၆ ယောက် သေဆုံးပါတယ်။ အရပ်သား ၁၅ ယောက်လည်း ဒဏ်ရာရတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုပြောခွင့်ရက ပြောပါတယ်။
ရှီးယိုက် မွတ်စလင်တွေနဲ့ ဟာဇာရာ တိုင်းရင်းသား လူအုပ်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်ရာမှာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံတဲ့ အုပ်စုတစုက တာဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် အာဖဂန်နဲ့ အနောက်ဥရောပ လုံခြုံရေး အရာရှိတွေကတော့ သူတို့ချည်း သက်သက်လုပ်ခဲ့တာဆိုတဲ့ အချက်ကို သံသယ ရှိကြပါတယ်။
အရင် ၂ ပတ်ကတော့ သမ္မတ အဲ့ရှ်ရဲ့ဖ်ဂါနီက တာလီဘန်တွေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပူးပေါင်းဖို့ ဆော်သြခဲ့ပါတယ်။
ငြိမ်းချမ်းရေးအတွက် တိုက်ရိုက် ဆွေးနွေးဖို့ အာဖဂန် အစိုးရရဲ့ ကမ်းလှမ်းချက်ကို လက်ခံရေး တာလီဘန်တွေအပေါ် ဖိအားတွေ များနေပါတယ်။