ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်တိုင်းရင်းသား ၃၀ ကျော် မောင်တောကို ဝင်ရောက်လာ
DVB
·
March 9, 2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်ရှိနေတဲ့ ရခိုင်တိုင်းရင်းသား ၃၀ ကျော်ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲကို ဝင်ရောက်လာတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီးကျေးရွာနေ ဦးမဲတုတ် (၄၅-နှစ်) ဦးစီးတဲ့ ရခိုင်တိုင်းရင်းသား အိမ်ထောင်စု ၉ စု၊ အမျိုးသား ၁၉ ဦး အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း လူဦးရေ ၃၃ ဦးဟာ မတ်လ ၈ ရက် မွန်းလွဲ ၃နာရီကျော်က မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာ စာသင်ကျောင်းကို ရောက်ရှိလာလို့ဆိုပါတယ်။
အဆိုပါ ရခိုင်တိုင်းရင်းသားတွေဟာ ဘယ်အချိန် ဘယ်ကာလကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ရောက်ရှိနေထိုင်နေကြတယ် ဆိုတာနဲ့ ဘာကြောင့် ပြန်လာကြတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။
မောင်တောကို ရောက်လာတဲ့ အဆိုပါ ရခိုင်တိုင်းရင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့က ဝန်ထမ်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲနဲ့ စစ်ဆေးနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၈ ရက်မှာပဲ မောင်တောမြို့နယ် ဂေါ်ဒူသာရချောင်းဝ ပင်လယ်ကမ်းခြေမှာ ရောက်ရှိနေတဲ့ နေရပ်စွန့်ခွာဘင်္ဂါလီ ၄၅၆ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စက်လှေ ၆ စီးနဲ့ ထွက်ခွာသွားကြတယ်လို့လည်း ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။