A d v e r t i s e m e n t With Us

ဝေါမြို့တွင် ရဲစခန်းမှူးကို နယ်ခြားစောင့်တပ်က သေနတ်ဖြင့် ပစ်ခတ်ထိုးကြိတ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ ဒီနေ့မနက် ၅ နာရီလောက်က စခန်းမှူးတယောက်ကို နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး အပါအဝင် အပေါင်းအပါ ၃ ဦးက သေနတ်နဲ့ ပစ်ခတ်ပြီး ထိုးကြိတ်ကာ သေနတ်ပါ ယူဆောင်သွားတယ်လို့ သိရပါတယ်။ ဖိုးစိန္ဒာကျေးရွာအနီး ညောင်ခါးရှည်-ဒိုက်ဦး မဟာဗျူဟာလမ်း အမှတ် ၆ တံတားအနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ စခန်းမှူးတဦးကို နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး ဆိုသူက နောက်လိုက် ၂ ဦးနဲ့အတူ သေနတ်နဲ့ ၃ ချက် ပစ်ပြီးမထိလို့ လုံးထွေးသက်ပုတ်ပြီး စခန်းမှူးရဲ့ သေနတ်ကိုပါ ယူဆောင်သွားကာ သေနတ်ကိုတော့ လှည့်ကင်းတပ်ဖွဲ့မှာ ပြန်အပ်သွားတယ်လို့ ပဲခူးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မြင့်က ပြောပါတယ်။ မတ်လ ၈ ရက်မနက် ၄ နာရီခွဲလောက်က ညောင်ခါးရှည် - ဒိုက်ဦး မဟာဗျူဟာလမ်းပေါ်မှာ မော်တော်ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို မြစ်ကျိုးရဲစခန်းက စခန်းမှူး ရဲအုပ်ဝင်းမင်းထွေး ဦးဆောင်မှုနဲ့ စစ်ဆေးနေစဉ် ညောင်ခါးရှည်ဘက်ကနေ ဒိုက်ဦးဘက်ကို မောင်းလာတဲ့ (လိုင်စင်မဲ့) ဟိုက်ဂျက်အဖြူရောင်ကားကို ရပ်တန့် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးနေချိန် ညောင်ခါးရှည်ဘက်ကနေ မောင်းလာတဲ့ အနက်ရောင် ကြာတံဆိပ်ပါ ဆလွန်းကားတစီးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်မှူးစောနန်းဦး ဆိုသူဟာ နောက်လိုက် ၂ ဦး နဲ့အတူ ရောက်လာပြီး ဒီဟိုက်ဂျက်ကားက သူတို့ကားဖြစ်ကြောင်း ပြောပြီး စခန်းမှူးဆီက ကားသော့ကို တောင်းခဲ့ပါတယ်။ စခန်းမှူးက ကားသော့ပြန်မပေးတဲ့အတွက် ဗိုလ်မှူးစောနန်းဦးနဲ့ နောက်လိုက်တွေက စခန်းမှူးကို ဆဲဆိုကာ သတ်ပစ်မယ်ဆိုပြီး ဗိုလ်မှူးစောနန်းဦးနဲ့ နောက်တယောက်တို့က ပစ္စတိုသေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့ပါတယ်။ စခန်းမှူးကို မထိတဲ့အတွက် ဗိုလ်မှူးစောနန်းဦးနဲ့ နောက်တယောက်က စခန်းမှူးကို ဝင်ရောက်လုံးထွေးသက်ပုတ်ပြီး ကျန်တယောက်က အခြားရဲတပ်ဖွဲ့တွေ ဝင်မလာအောင် ပစ္စတိုသေနတ်နဲ့ ချိန်ထားပါတယ်။ လုံးထွေးသတ်ပုတ်တ်ရာမှာ သူတို့မှာပါလာတဲ့ ပစ္စတိုသေနတ်နဲ့ထုလို့ စခန်းမှူး ဝင်းမင်းထွေးမှာ နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာချိုစောင်း ၂ လက်မလောက် ပွန်းရှဒဏ်ရာနဲ့ နားရွက်နှစ်ဖက် ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး မြစ်ကျိုးတိုက်နယ်ဆေးရုံကို ပို့ဆောင် ဆေးကုသပေးထားရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။ အခင်းဖြစ်ပြီး ၅ နာရီကျော်လောက်မှာ  ဗိုလ်မှူးစောနန်းဦးနဲ့ အဖွဲ့ဟာ ရဲအုပ်ဝင်းမင်းထွေး ကိုင်ဆောင်တဲ့သေနတ်ကို ယူဆောင်ပြီး ကျိုက်ထိုဘက်ကို ကားနဲ့ ပြန်လည်ထွက်ခွာသွားပြီး သားငယ် ဆိုသူက ဟိုက်ဂျက်ကားကို ဒိုက်ဦးဘက် မောင်းသွားပါတယ်။ အဲဒီနောက် မြစ်ကျိုးစခန်းမှူးရဲ့ သေနတ်ကို ညောင်ခါးရှည်အပိုင်မှာ လှည့်ကင်း တာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်ကို ဗိုလ်မှူးစောနန်းဦးက ဆက်သွယ်ပြီး အပ်နှံသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်မှူးစောနန်းဦးပါ ၃ ဦးကို မြစ်ကျိုးရဲစခန်းက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄ / ၃၃၃ / ၂၉၄ / ၅၀၆ / ၁၁၄ တို့နဲ့ အမှုဖွင့်ထာပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မြင့်က ပြောပါတယ်။ သတင်း - အောင်စိုးမိုး

A d v e r t i s e m e n t With Us

More News
Up