Home
မြန်မာသတင်း
ငြိမ်းစုစီ ပြင်ဆင်ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြုသည့်အပေါ် ဝေဖန်
ကျော်ဇေယျာဝင်း
·
March 9, 2018
ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အပြင်းအထန် ကန့်ကွက်ဝေဖန် ဆန္ဒပြနေတဲ့ကြားက အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးခဲ့ပြီး တပ်မတော်သား ၂ ဦး အပါအဝင် ကိုယ်စားလှယ်  ၁၂ ဦးက ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် မဲခွဲဆုံးဖြတ်ရာမှာတော့ ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲနဲ့ လွှတ်တော်က အတည်ပြုထားပါတယ်။ မတ်လ ၇ ရက်က ပြုလုပ်တဲ့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားတဲ့ ဥပဒေတွေ မြန်မာနိုင်ငံမှာ စိုးမိုးဖို့ တရားတဲ့ဥပဒေတွေကို လွှတ်တော်တွေကလည်း ပြဋ္ဌာန်းရမယ်လို့ အထူးအလေးပေး ပြောဆိုလိုက်ချိန်မှာ အခုလို ငြိမ်းစုစီ ဥပဒေကို အတည်ပြုလိုက်တာဟာ ဒီမိုကရေစီပါတီတခုရဲ့ ပုံရိပ်ကို ကျဆင်းစေတယ်လို့ အဲဒီဥပဒေကို ကန့်ကွက်ရာမှာ ဦးဆောင်သူ တယောက်ဖြစ်တဲ့  ဒေါက်တာညိုညိုသင်းက ပြောပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကန့်ကွက်နေကြပေမယ့် အခုလို အလျင်စလို ပြဋ္ဌာန်းတာဟာ နောက်ကွယ်မှာ ဖိအားပေးမှု ရှိမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့လည်း ယနေ့ခေတ် မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသက်ဇင်က ထောက်ပြပါတယ်။ Generation Wave အဖွဲ့က ဥက္ကဋ္ဌ ဦးမိုဃ်းသွေးကတော့ လူမျိုးရေး၊ ဘာသာရေး၊ လှုံ့ဆော်မှုတွေကို အရေးယူဖို့ ရည်ရွယ်တယ်ဆိုရင်လည်း ဥပဒေတခု ပြဋ္ဌာန်းပြီး အရေးယူ ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ မူလဥပဒေကြမ်းမှာ ဆန္ဒဖော်ထုတ်ရင် ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့်ပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းရှိပါက ဖော်ပြရန်သာပါရှိပြီး ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာတော့ အမည်နဲ့ လိပ်စာ အပြည့်အစုံပါ ဖော်ပြရမယ်လို့ အမျိုးသားလွှတ်တော်က ဖြည့်စွက် အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ပြစ်မှုပြစ်ဒဏ်မှာတော့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ်ဆိုပြီး ဖော်ပြထားပေမယ့် အတည်ပြုချက်မှာတော့ ထောင်ဒဏ် ၂ နှစ်လို့ ပြင်ဆင်လိုက်ပါတယ်။ ဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးရမှာ ဖြစ်သလို သဘောထား ကွဲလွဲမှုတွေ ရှိမယ်ဆိုရင်တော့ ပြည်ထောင်စုလွှတ်တော်မှာပါ ဆက်လက်ဆွေးနွေးရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024