Homeမွနျမာသတငျးပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး ဆန္ဒပြ

ပဲခူးတိုင်း ပြည်မြို့မှာ လျှပ်စစ်မီးရရှိရေး ဆန္ဒပြပွဲ ကူးစက်ပျံ့နှံ့ပြီး ရာချီတဲ့လူအုပ်ဟာ မြို့ရဲ့ လမ်းတွေအပေါ်မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
ဒီမနက် ၇ နာရီလောက်က စတင်တဲ့ ဆန္ဒပြပွဲအခြေအနေကို ဆန္ဒပြသူ တဦးဖြစ်တဲ့ ရှေ့နေ ဦးမြင့်အေးက “၂၄ နာရီ မီးလာဖို့အတွက် ဆန္ဒပြကြတယ်။ မနက် ၇ နာရီက စပြတယ်။ဈေးဘက်ကို သွားတယ်။ ပြန်လာတယ်။ ရဲကားတွေ လိုက်လာတယ်။ ဘာမှ မနှောင့်ယှက်ဘူး။ ဘေးကနေ လိုက်ကြည့်တယ်။ အခု ပြည်ကောလိပ်ဘက်ကို အုပ်စုလိုက် ထွက်လာကြတယ်။ ၂၄ နာရီ မီးရရှိရေး ဒို့အရေး ဆိုပြီး အော်ကြပါတယ်။ ဗီနိုင်းတွေ၊ စာရွက်လေးတွေ ကိုင်ထားကြတယ်။ ကျနော်လည်းပါတယ်။ ဒိုင်းတွေဘာတွေနဲ့ ကား ၂ စီးလောက် ရောက်လာပြီးတော့ ဘာမှတော့မလုပ်ပါဘူး ကျနော်နဲ့ ဆွေးနွေးတယ်။ ဦးမြင့်အေး ဘယ်နေရာမှာ လူစုခွဲမလဲမေးတယ်။ စတုန်းကလည်း မြို့နယ် လျှပ်စစ်ရုံးကနေ စတယ် အပြန်မှာလည်း မြို့နယ် လျှပ်စစ်ရုံးမှာပဲ လူစုခွဲပါမယ်လို့။ လူ ၂၀၀၀ လောက် ရှိတယ်” လို့ ပြောပါတယ်။
ဒီမနက် ဆန္ဒပြကြမယ်ဆိုတာကို ကြိုတင်ကြေညာထားတဲ့အတွက် ခရိုင်ရဲ၊ မြို့နယ်ရဲနဲ့ လျှပ်စစ်တာဝန်ရှိသူတွေက ဦးမြင့်အေးကို မီးပေးမှုအခြေအနေကို ရှင်းပြခဲ့တဲ့အကြောင်းနဲ့ ထိန်းသိမ်းဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
“မနက်က လျှပ်စစ်အင်ဂျင်နီယာနဲ့ ကျနော်နဲ့ ဆွေးနွေးခဲ့တယ်။ ဘယ်အချိန် လာမယ်၊ ဘယ်အချိန် ပျက်မယ်ဆိုတာကို သိရင် အလုပ်လုပ်ရတဲ့သူက အဆင်ပြေတယ်ဆိုတော့ သူလည်း အာမမခံနိုင်ဘူးတဲ့။ ဘယ်နေရာလည်း မသိဘူး ဗုံးကွဲလို့ လျှပ်စစ်ဓာတ်အားက ဒီလိုဖြစ်တာပေါ့။ ဒါကတော့ သူတို့ပြောတာပေါ့။ ကောင်းကောင်းမွန်မွန် ဆွေးနွေးပါတယ်။ ခရိုင်မှူးနဲ့လည်း ကျနော် တွေ့ခဲ့ပါတယ်။ သူကလည်း ဦးအေးမြင့် ထိန်းလို့ရမလား မေးတယ်။ ကျနော်လည်း ထိန်းပါ့မယ်။ ဘယ်နေရာမှာ ပြီးမှာပါပေါ့။”
ရဲက စောင့်ကြပ်ပေမယ့် အဖမ်းအဆီးမရှိဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ဥပဒေရှိပေမယ့် နည်းဥပဒေ မထုတ်သေးလို့ တရားဝင်ဆန္ဒပြခွင့် မရှိဘူးလို့ အစိုးရက ပြောထားပါတယ်။
ပြည်မြို့မှာ မေ ၂၂ ရက်ညကလည်း လူ ၁၀၀ ခန့်ဟာ ဗိုလ်ချုပ်လမ်း မြင်းစီးကျောက်ရုပ်ရှေ့ကနေ ရွှေဆံတော်ဘုရားအနီးက လျှပ်စစ်မီးရုံးကို ချီတက် ဆန္ဒပြခဲ့ကြပါသေးတယ်။
မနေ့ညက ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ မီးရရှိရေး ဆန္ဒပြကြသလို မန္တလေးမြို့ မြတောင်ကျောင်းတိုက်အနီးမှာလည်း ဆန္ဒပြခဲ့ကြပါတယ်။
အစိုးရက လျှပ်စစ်မီးထုတ်နိုင်တဲ့ ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို ပြည်ပထုတ်ရောင်းပြီး ပြည်တွင်းမှာ မီးမရဖြစ်နေတာပါ။ အခုရက်ပိုင်းအတွင်း ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့နေရာတွေမှာ မီးရရှိရေး ဆန္ဒပြပွဲတွေ ဖြစ်နေပြီး အစိုးရကလည်း မီးမလုံလောက်တဲ့အတွက် မီးချွေတာသုံးစွဲဖို့ သတင်းစာကနေ တိုက်တွန်းနေပါတယ်။