DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရေး ဆန္ဒဖော်ထုတ်မှု တားဆီးခံရ
DVB
·
May 22, 2012
ရန်ကုန်မြို့တွင် လျှပ်စစ်မီးရရေး ဆန္ဒဖော်ထုတ်မှု တားဆီးခံရ
Donate to DVB

ဒီနေ့ ည ၇ နာရီက ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ ဖယောင်းတိုင် မီးထွန်းပြီး လျှပ်စစ်မီးရဖို့ ဆန္ဒဖော်ထုတ်ကြတာကို အာဏာပိုင်တွေက ဖယောင်တိုင်မီးကို ငြိမ်းသက်ဖို့နဲ့ လူစုလူဝေးနဲ့ မသွားဖို့ တားဆီးနေတယ် လို့ နိုင်ငံရေး အကျဉ်းသား ကွန်ရက်အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“အာဏာပိုင်တွေက တားဆီးနေတယ်ဗျာ။ ကျနော်တို့ အနေနဲ့ ပြည်သူ လူထုတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်တာဖြစ်တဲ့အတွက် အခု ညှိနှိုင်းနေတယ်။ ကျနော်တို့က ထိပ်တိုက်တွေ့ခြင်း မရှိပါဘူး။ အာဏာပိုင်တွေက အခု ၂၈ လမ်းနဲ့ ၃၁ လမ်းထိပ်မှာ ကျနော်တို့ကို တားဆီးလိုက်တယ်။ ကျနော်တို့ ဖယောင်းတိုင်တွေကို ငြိမ်းခိုင်းတယ်။ ကျနော်တို့က မငြိမ်းသတ်ပေးနိုင်ဘူး။ ၃၁ လမ်းထိပ်ကနေ ဆူးလေဘုရားပေါ်ကို မီးမငြိမ်းဘဲ တက်မယ်လို့ ပြောလိုက်တယ်။ အာဏာပိုင်တွေကလည်း သူတို့ဒါကို သိတယ်။ ကျနော်တို့ကို ရှေ့သွားပိုင်ခွင့် မပေးတော့ဘူး။ လူအင်အားကတော့ ၁ ထောင်ကျော်၊ ၂ ထောင်လောက် ရှိလိမ့်မယ်။ ဆူးလေဘုရားလမ်းမကြီး ပိတ်သွားပြီ။ ဘုရားပတ်လည်မှာလည်း ပိတ်သွားပြီ။ ပြည်သူတွေကတော့ ဖယောင်းတိုင်လေးတွေ ထွန်းပြီးလိုက်ပါလာတယ်။ ကျနော်တို့အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာ ဖြစ်တဲ့အတွက် သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင်လိုတဲ့ ဆန္ဒမရှိပါဘူး။ အဲ့အတွက် ပြန်လှည့်ပြီးတော့ ဘုရားပေါ်ကို အခု စတင် တက်တော့မှာပါ။”

ပြည်သူတွေရဲ့ ဆန္ဒကို ငြိမ်းငြိမ်းချမ်းချမ်း ဖော်ထုတ်တာကို အာဏာပိုင်တွေက တားဆီးတဲ့အတွက် ဆူးလေဘုရားပေါ်မှာ မီးပူဇော်ပြီး ဆုတောင်းခဲ့ကြတယ်လို့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။

ပဲခူးတိုင်း လျှပ်စစ်ဌာနရုံးရှေ့မှာလည်း မေ ၂၂ ရက်ညမှာ ပဲခူးမြို့ခံတွေကနေ ငြိမ်းငြိမ်းချမ်းချမ်း ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပဲခူးတိုင်း လျှပ်စစ်ရုံးနားမှာတော့ ယူနီဖောင်းဝတ် ရဲတပ်သားတွေ စောင့်ကြည့်နေတယ်လို့ ပဲခူးဒေသခံတွေက ပြောကြပါတယ်။

အရင်က မန္တလေးမြို့နဲ့ မုံရွာမြို့တွေက မီးထွန်းဆုတောင်းပွဲ ဆန္ဒထုတ်ဖော်ပွဲတွေကတော့ ဒီနေ့ မရှိတော့ဘူးလို့ နယ်မြေခံတွေက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကတော့ အခုလို့ လျှပ်စစ်မီးရရှိဖို့ ဖယောင်းတိုင်ထွန်း ဆန္ဒ ထုတ်ဖော်တာတွေ နဲ့ပတ်သက်ပြီး တစုံတရာ ပတ်သက်ဆက်နွှယ်ခြင်း မရှိဘူး လို့  ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးက ပြောပါတယ်။

“ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားများ အနေနဲ့ ဒီလို ဒီလို လုပ်ရမယ် ဆိုပြီးတော့ နောက်ကွယ်ကဖြစ်စေ၊ ရှေ့တင်ဖြစ်စေ ညွှန်ကြားတာမျိုး မရှိပါဘူး။ ဘေးကနေ လည်း ပြောပေးတာမျိုး မရှိပါဘူး။ ဒါကတော့ ပြည်သူလူထုရဲ့ ခံစားမှုပဲ။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံးမှာ မီးလုံးဝ မလာဘဲနဲ့ နေပြည်တော်မှာ ထိန်ထိန်လင်းနေတယ် ဆိုတော့ ဘယ်ပြည်သူမှ ကျေနပ်မှာ မဟုတ်ဘူး။ ပြည်သူလူထုက သူတို့ခံစားမှုကို သူတို့ လုပ်နိုင်တဲ့ ဘောင်အတွင်းက သူတို့ ဆန္ဒ ထုတ်ဖော်ပြသခြင်းပဲဖြစ်တယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ အစီအစဉ် လည်း မဟုတ်သလို ၈၈ မျိုးဆက်ကျောင်းသားများက ဒီလိုလုပ်ပါလို့ ညွှန်ကြားတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် ပြည်သူလူထုက သူတို့ရဲ့ ခံစားချက် ထုတ်ဖော်ပြတဲ့အတွက်ကြောင့် ကျနော်တို့က စာနာတယ်။ ကိုယ်ချင်းစာတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း မီးပျက်တဲ့အတွက် ခံစားရတဲ့ ဒုက္ခက အများကြီးပဲလေ။ အဲ့အတွက် စာနာပါတယ်ဗျာ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013