Home
မြန်မာသတင်း
မုံရွာမြို့တွင် မိန်းကလေးများ ကရာတေး ကိုယ်ခံပညာ သင်ကြားမှု ပိုများလာ
Aung Ko Latt
·
March 8, 2018
လက်ရှိ မြန်မာပြည်ရဲ့ ခေတ်စနစ်နဲ့ အနေအထားအရ  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ မိန်းကလေးတွေ အပါအဝင် ကရာတေးကိုယ်ခံပညာ သင်ကြားလာနေသူတွေ ပိုမို များပြားလာနေပါတယ်။ မုံရွာမြို့၊ ကန်သာယာအနီးက အဆာဟိ ကရာတေး ကိုယ်ခံပညာ သင်တန်းကျောင်းမှာ အခုနှစ် နွေရာသီကျောင်းပိတ်ရက်အတွင်း ကိုယ်ခံပညာ လာရောက်သင်ကြားနေသူတွေ အရင်နှစ်ကထက် နှစ်ဆလောက် ပိုမိုများပြားလာနေတာ ဖြစ်ပါတယ်။ ဒီလို လာရောက်သင်ကြားတာတွေက ခေတ်ကာလ အခြေအနေတွေနဲ့လည်း သက်ဆိုင်တယ်လို့ အဆာဟိ ကရာတေးကိုယ်ခံပညာ သင်တန်းကျောင်းခွဲ(မုံရွာ)က  သင်တန်းနည်းပြ ဦးအောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ကရာတေးပညာရပ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိလာပြီး တည်ငြိမ် ရင့်ကျက်သူ တယောက် ဖြစ်စေကာ ပြီးပြည့်စုံတယ်လို့ ခံစားရတဲ့အတွက် သမီးငယ်ကိုလည်း လက်ဆင့်ကမ်း သင်ကြားပေးနေတဲ့ ကရာတေးခါးပတ်နက် ရရှိထားတဲ့ ဖခင်ဖြစ်သူ  ဦးစိုးမင်းထွန်းက ပြောပါတယ်။ ကရာတေးကိုယ်ခံပညာ သင်တန်းတက်နေသူ မသင်းရနံ့ပြည့်စုံကတော့ “မျက်မှောက်ခေတ် အခြေအနေအရ မိန်းကလေးတွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေမှာ နေ့စဉ်လိုလို မုဒိမ်းမှုတွေနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ရင်ဆိုင်လာနေရပါတယ်။ အဲဒီအတွက်လည်း အရေးကြုံလာရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင် ဒီလို ကိုယ်ခံပညာသင်တန်းတွေကို တက်ရောက်ထားသင့်တယ်”လို့ ပြောပါတယ်။ အရင်နှစ်က အဆာဟိ  ကရာတေးသင်တန်းကျောင်းမှာ သင်တန်းသား သင်တန်းသူ ၁၀၀ ဝန်းကျင်သာရှိခဲ့ပြီး ဒီနှစ်မှာတော့ သင်တန်းသား သင်တန်းသူ  ၂၂၀ လောက်ရှိနေပြီး အဲဒီထဲက အမျိုးသမီး ပါဝင်မှုက ၃၀ ရာခိုင်နှုန်းလောက်အထိ ရှိနေပါတယ်။ သားသမီးတွေရဲ့ ဘဝလုံခြုံရေးတွေအတွက် အခုလို ကိုယ်ခံပညာသင်တန်းတွေကို ပို့ပေးတာက တနေ့နေ့မှာ အထောက်အကူပြုလာနိုင်မယ်လို့ မိဘတွေကလည်း ယုံကြည်ထားကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024