ကမ္ဘာကျော် ရူပဗေဒပညာရှင် အိုင်းစတိုင်း၏ စာ ၂ စောင်ကို လေလံတင်ရောင်းချ

ဓာတ်ပုံ - ရိုက်တာ
1.9K
ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး အဲဘတ်အိုင်းစတိုင်းရဲ့ စာနှစ်စောင်ကို ဂျေရုဆလင် လေလံပွဲမှာ မတ်လ ၆ ရက်နေ့က ရောင်းချခဲ့ပါတယ်။
ပထမစာကို ၁၉၂၁ ခုနှစ်က အိုင်းစတိုင်းရေးသားခဲ့ပြီး အဲလစ်စဘတ်တာဆိုသူ အီတလီအမျိုးသမီးဆီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမျိုးသမိီးဟာ အိုင်းစတိုင်းနဲ့ တွေ့ဆုံဖို့ ငြင်းဆန်ခဲ့ပြီး အဲဒီစာကို ဝင်းနားစ် လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၆၁၀၀ နဲ့ ရောင်းချခဲ့ပါတယ်။
“အဲဒီအမျိုးသမီးဆီ အိုင်းစတိုင်း စာရေးထားတာ သိပ်အံ့သြဖို့ကောင်းတယ်။ အိုင်းစတိုင်းလို ကြီးမြတ်တဲ့ပုဂ္ဂိုလ်ကြီးမှာ လူသားတယောက်ရဲ့ အားနည်းချက်ကို တွေ့ရတယ်။ အိုင်းစတိုင်းဟာ သူတခါမှ မတွေ့ဘူးတဲ့ အမျိုးသမီးတဦးဆီ စာရေးခဲ့တာပါ” လို့ ဝင်းနားစ်လေလံပွဲ စီအီးအို ဂေးလ်ဝီယာက ပြောကြားခဲ့ပါတယ်။
ဒုတိယစာကိုတော့ အိုင်းစတိုင်းက ၁၉၂၈ ခုနှစ်မှာ ရေးသားခဲ့ပြီး ရီလေတီဗတီ သီအိုရီ တတိယအဆင့်နဲ့ ပတ်သက်တဲ့ အယူအဆတွေကို ရေးသားထားတာ ဖြစ်ပါတယ်။
အဲဒီစာကိုတော့ အမေရိကန် ဒေါ်လာ ၁၀၃,၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။
“အိုင်းစတိုင်းဟာ ရီလေတီဗတီ သီအိုရီနဲ့ ပတ်သက်လို့ ဆောင်းပါးထုတ်ရမှာကို ပျော်နေတယ်။ စာရေးပြီးတော့ စာအိတ်ပေါ်မှာ သူ စာ ၃ ကြောင်းရေးတယ်။ အဲဒါက သူ့သီအိုရီနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားတာကို ပြသနေတယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဝင်းနားစ်လေလံပွဲမှာ အိုင်းစတိုင်းရဲ့ နောက်စာတစောင်ကို ရောင်းချခဲ့ပါတယ်။
အဲဒီစာကတော့ သူ နိုဘယ်လ်ဆုရရှိတာကို သိရှိပြီး ပျော်ရွှင်ကြောင်း ရေးသားထားတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။