Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေပြင်ဆင်သည့်ဥပဒေကြမ်း  အမျိုးသားလွှတ်တော်အတည်ပြု
နေဖြိုးဝင်း
·
March 7, 2018
  အရပ်ဖက်အဖွဲ့အစည်းတွေ အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို   အမျိုးသားလွှတ်တော်မှာ ထောက်ခံမဲအများစုနဲ့ အတည်ပြု လိုက်ပါတယ်။ မတ်လ ၇ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ ဆွေးနွေးဖို့ကျန်တဲ့ ကိုယ်စားလှယ် ၈ ဦး ဆက်လက်ဆွေးနွေးပြီး ဆွေးနွေးချက်တွေကို ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ၊ အစီရင်ခံစာတင်သွင်းပြီး ဥပဒေကို တပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်တာပါ။ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းသင့် မသင့် လွှတ်တော်ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်ရာမှာ  ထောက်ခံမဲ ၁၁၃ မဲ၊ ကန့်ကွက်မဲ ၇၈ မဲရှိခဲ့ပါတယ်။ ငြိမ်းချမ်းစွာစုဝေးလှည့်လည်မယ်ဆိုပါက မူလက ပြုလုပ်မဲ့အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ပြဋ္ဌာန်းချက်ကို ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းရှိပါက ယင်းတို့ကို အမည်နဲ့ ဆက်သွယ်ရမယ့် လိပ်စာအပြည့်အစုံဖော်ပြရမယ်လို့ ဥပဒေကြမ်းမှာ  ပြင်ဆင် အတည်ပြုလိုက်ပါတယ်။ အလားတူ ပြစ်မှုပြစ်ဒဏ်မှာလည်း မူလက သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်အစား နှစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြင်ဆင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီဥပဒေကို တရက်တည်း ဆွေးနွေး၊ ကြားနာ၊ အတည်ပြုတာလုပ်တဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ် တဦးက ဥပဒေနဲ့ မညီဘူးလို့ ကန့်ကွက်ခဲ့ပေမယ့် ဥပဒေအတိုင်း ဆောင်ရွက်သွားတာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။ ဒီလို ပြင်ဆင်ပြီးတဲ့ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ကို ပေးပို့ရဦးမှာ ဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ သဘောထားကွဲလွဲရင်တော့ ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက် ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ငြိမ်းစုစီဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီဘူးဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အရပ်ဖက်အဖွဲ့အစည်း ၂၀၀ ကျော်က အပြင်းအထန် ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြခဲ့ကြသလို အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးစဉ်ကလည်း အန်အယ်လ်ဒီ အမတ် တချို့က ကန့်ကွက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024