Home
မြန်မာသတင်း
အီးယူနှင့်ဗြိတိန်လွှတ်တော်အမတ်များ၏စွပ်စွဲချက် မြန်မာ့တပ်မတော်တုံ့ပြန်
DVB
·
March 7, 2018
  ဗြိတိန်လွှတ်တော်အမတ်တွေဟာ အကြမ်းဖက်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မျက်ကွယ်ပြုနေပြီး တရားဥပဒေနဲ့ အညီဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသာ တစ်ဖက်သတ် စွပ်စွဲထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး တပ်မတော်ထိပ်ပိုင်း အရာရှိကြီးတွေကို နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံး(အိုင်စီစီ)တင်ဖို့ ဗြိတိန်လွှတ်တော်အမတ်တွေကတောင်းဆိုနေမှုနဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ် ၆ ရက်ေ်န့မှာတုံ့ပြန်လိုက်တာပါ။ ခိုင်လုံမှန်ကန်တဲ့သက်သေတွေရဲ့ထွက်ဆိုချက်တွေနဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် မျက်ကွယ်ပြုပြီး ဗြိတိန်အမတ်တွေရဲ့ တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်တွေနဲ့ ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေဟာ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစီအစဉ်၊ တပ်မတော်ရဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းတာဝန်တွေမှာ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းနဲ့အညီ တိကျစွာလိုက်နာပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆောင်ရွက်နေမှု၊ အစိုးရရဲ့ ဘူးသီးတောင်- မောင်တောဒေသပြန်လည်ထူထောင်ရေးနဲ့ ဒုက္ခသည်ပြန်လက်ခံရေး အစီအစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေရဲ့ အထင်အမြင်လွဲမှား စေနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ် ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် မှန်ကန်စွာသုံးသပ် ဂုဏ်သိက္ခာရှိပြီး တရားမျှတမှုရှိတဲ့ တိုက်တွန်းမှု၊ ဆုံးဖြတ်မှုတွေကိုသာပြုလုပ်သင့်ကြောင်း၊ ဒီလိုပြုလုပ်ခြင်းဖြင့် ရခိုင်အရေးနဲ့ပတ်သက်လို့  လက်တွေ့ဆန်တဲ့ တိုးတက်ဖြစ်ထွန်းမှုဖြစ်ပေါ်လာစေမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီ ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပါဝင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ ကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ခဲ့တာပါ။ ဆုံးဖြတ်ချက်တွေထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံး(အိုင်စီစီ) အခွင့်အာဏာနဲ့  ဆုံးဖြတ်ဆောင်ရွက်မှုကိုလက်ခံဖို့၊ မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အနိမ့်ဆုံးသို့လျှော့ချဖို့၊ လူ့အခွင့်အရေးချိုးဖောက်တွေမှာတာဝန်ရှိတဲ့ မြန်မာ့တပ်မတော် အဆင့်မြင့် အရာရှိကြီးတွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေ အမြန်ဆုံးလုပ်ဖို့ စတာတွေ ပါရှိပါတယ်။ အလားတူ ဗြိတိန်အောက်လွှတ်တော်အမတ် ၁၀၀ကျော်ကလည်း  မြန်မာ့ တပ်မတော် ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး(အိုင်စီစီ)သို့လွှဲပြောင်းပေးဖို့ တိုက်တွန်းကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ထံ ဖေဖော်ဝါရီ ၂၁ရက်က စာရေးတောင်းဆိုထား တာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေဟာ ရခိုင်ပဋိပက္ခစတင်ချိန်ကပင် အစဉ်တစိုက် စွပ်စွဲလာတဲ့ စွပ်စွဲချက်တွေဖြစ်တယ်၊ စွပ်စွဲချက်တစ်ခုချင်းအလိုက် မဟုတ်မမှန်ကြောင်းကိုလည်း နိုင်ငံတော်အစိုးရရဲ့ ရခိုင်ပဋိပက္ခနဲ့ သက်ဆိုင်တဲ့ သတင်းစာရှင်းလင်းပွဲ၊ ထုတ်ပြန်တွေမှာ ဖော်ပြထားပြီး ဖြစ်တဲ့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း ၁၀ ကြိမ် ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ဥပရောပသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် စထရာဗာရော့စ် လင်မ်ဘရီနီဒစ်နဲ့  အဖွဲ့ဝင်တွေကို လည်း ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၅ ရက်နေ့မှာ လက်ခံတွေ့ဆုံပြီး အပြန်အလှန် အထောက်အထားဓာတ်ပုံတွေနဲ့တကွ ပြောဆို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024