Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း လူသတ်မှုဖြင့် ဖမ်းဆီးခံနေရသူ မိုးညှင်းထောင် အချုပ်ခန်းတွင် ကြိုးဆွဲချ သေဆုံး
DVB
·
March 6, 2018
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ သက်ငယ်မုဒိမ်းမှု၊လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားခံ ခင်မောင်ဌေးဟာ မိုးညှင်းထောင်အချုပ်ခန်းမှာ ကြိုးဆွဲချ သေဆုံးသွားတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး အရာရှိတယောက်က ပြောပါတယ်။ “ဒီနေ့ မနက် ၅ နာရီလောက်က သူ့ရဲ့ပုဆိုးကို ကြိုးလုပ်ပြီး အချုပ်ခန်းနံရံမှာဆွဲပြီး သေသွားတာပါ။ စခန်းမှာ သေမှုသေခင်းဖွင့်ထားပါတယ်” လို့ ပြောပါတယ်။ မိုကောင်းမြို့နယ်၊ အောင်မင်္ဂလာကျေးရွာက ၄ တန်းကျောင်းသူ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တယောက် ဖေဖော်ဝါရီ ၂၅ ရက်က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။ မိုးညှင်းအကျဉ်းထောင်မှ တာဝန်ရှိအရာရှိက "တရားရုံးရဲ့အမိန့်ရယ် တရားခံရဲ့ လုံခြုံရေးနဲ့ ထောင်စည်းကမ်းအရ သူ့ကို သီးသန့်ခွဲပြီးချုပ်ထားရတာပါ။ ထောင်ထဲမှာ သူ့ကို ထောင်သားအချင်းချင်းလည်း ထိပါးမှုမရှိပါဘူး။ ခုလည်း ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီး အထက်ကိုတင်ပြသွားမှာပါ"လို့ ဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။ မိန်းကလေးငယ်ဟာ ထင်းခွေသွားရာကနေ ပြန်ရောက်မလာတာကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့ရာမှာ ပျောက်ဆုံးနေတဲ့ သမီးဖြစ်သူကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရလို့ ဖခင်ဖြစ်သူက မိုးကောင်း မြို့မရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းဖော်ထုတ်မှုနဲ့ မိန်းကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး (၃၇-နှစ်)၊ အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင် (၅၈-နှစ်) တို့နှစ်ဦးကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံတွေကို လူသတ်မှုပုဒ်မမှ သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆/၃၇၇/၃၀၂ ထပ်တိုး အမှုဖွင့်ထားပြီး မိုးညှင်းထောင်မှာ ချုပ်ထားစဉ် အခုလို သတ်သေမှု ဖြစ်ပွားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024