Home
ဆောင်းပါး
Third Party နဲ့ BRCCA အကြောင်း သိကောင်းစရာ
DVB
·
March 6, 2018
ခုတလော အင်ဂျင်နီယာလောကမှာ ခေတ်စားနေတဲ့ တတိယအဖွဲ့ (Third Party) အကြောင်း သိချင်ကြ၊ မေးလာကြသူတွေ များလာတာနဲ့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်း (Construction Project) တွေ လုပ်ကိုင်ကြရာမှာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း လက်ခံထားတဲ့အဖွဲ့ ၃ ဖွဲ့ ရှိပါတယ်။ ပထမအဖွဲ့ (First Party) က လုပ်ငန်းပိုင်ရှင်၊ ဒုတိယအဖွဲ့ (Second Party) က တည်ဆောက်သူ ကန်ထရိုက်တာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ တတိယအဖွဲ့ (Third Party) က ပိုင်ရှင်ကိုယ်စား လုပ်ငန်းခွင်ကို ကြီးကြပ်ပေးရတဲ့ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် တဦးတည်း ဖြစ်ပါတယ်။ Third Party ရဲ့ တာဝန်တွေက အဆင့်ဆင့်အားဖြင့် (၁) စီမံကိန်း အုပ်ချုပ်လုပ်ကိုင်ခြင်း (Construction Project Management Responsibility)၊ (၂) စီမံကိန်းကြီးကြပ်ခြင်း (Construction Project Supervision Responsibility)၊ (၃) စီမံကိန်းအရည်အသွေး ထိန်းသိမ်းခြင်း (Construction Project QA/QC Responsibility) စသည်တို့ ဖြစ်ပါတယ်။ အဲဒီမှာ သေချာစွာ သိရှိသင့်တာက (၁) Project Management တာဝန်မှာ (၂) နဲ့ (၃) ရဲ့ တာဝန်တွေပါ အတူတွဲပါပါတယ်။ တဖွဲ့တည်းမလုပ်နိုင်ရင် အခြားအဖွဲ့ကိုပါ တာဝန်ခံပြီး ထပ်ခေါ်ရပါတယ်။ ထို့အတူ (၂) Project Supervision တာဝန်မှာ (၃) ရဲ့ တာဝန်ပါ အတူတွဲပါပါတယ်။ တဖွဲ့တည်းမလုပ်နိုင်ရင် အခြားအဖွဲ့ကိုပါ တာဝန်ခံပြီး ထပ်ခေါ်ရပါတယ်။ အကယ်၍ လုပ်ငန်းရှင်က (၃) အရည်အသွေး ထိန်းသိမ်းရေး တဖွဲ့တည်းကို တိုက်ရိုက်ခေါ်ယူ လုပ်ကိုင်မယ်ဆိုရင် သူ့မှာ (၁) နဲ့ (၂) ကို တာဝန်ယူ လုပ်ကိုင်နိုင်မယ့် ဌာနေအဖွဲ့ (In house team) ရှိရပါမယ်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်မှာ အရည်အသွေးထိန်းသိမ်းရေး QA/QC အဖွဲ့ လုပ်ကိုင်ဆောင်ရွက်နေတာကို သိရှိပြီး Contractor ကို ညွှန်ကြားဖို့ ဖြစ်ပါတယ်။ Bago Region Construction Control Authority (BRCCA) ကို ၂၀၁၇ ခုနှစ် ဇွန်လမှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမိန့်အမှတ် (၁၂၀/၂၀၁၇) နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ အချိန်မီ ပြီးစီးစေရန်နဲ့ အရည်အသွေး ပြည့်မီစေရန် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ BRCCA ရဲ့ ဒုတိယတာဝန်ကတော့ ဒေသဆိုင်ရာ အင်ဂျင်နီယာတွေအတွင်း နည်းပညာပြန့်ပွားစေရေးပဲ ဖြစ်ပါတယ်။ တာဝန် ၇ ချက် ပါရှိပါတယ်။ (က)    BRCCA သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လွတ်လပ်သော နည်းပညာဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့အဖြစ် ဆောင်ရွက်ရန်၊ (ခ)     BRCCA တွင် ဌာနဆိုင်ရာမှ အင်ဂျင်နီယာများ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (ပဲခူးတိုင်းဒေသကြီးအဖွဲ့ခွဲ) အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာများ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီ အသိအမှတ်ပြု ဗိသုကာများ၊ စာရင်းအင်းကျွမ်းကျင်သူများ၊ ဥပဒေပညာရှင်များနှင့် တိုင်းဒေသကြီး အစိုးရမှ ခန့်အပ်သင့်သည်ဟု ယူဆသော ပုဂ္ဂိုလ်များ ပါဝင်ဖွဲ့စည်းရန်၊ (ဂ)     BRCCA သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိစစ်ကြီးကြပ်ရန် ညွှန်ကြားလာသော တည်ဆောက်ရေးလုပ်ငန်းများ၊ စီမံကိန်းများနှင့် သက်ဆိုင်သော ပုံစံနှင့် စာရွက်စာတမ်းများ၊ လုပ်ငန်းဆောင်တာများအား သတ်မှတ်ထားသော အင်ဂျင်နီယာ၊ ဗိသုကာဆိုင်ရာ စံချိန်စံညွှန်းများအတိုင်း လုပ်ဆောင်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးရန်၊ (အင်ဂျင်နီယာနှင့် ဗိသုကာဆိုင်ရာ စံချိန်စံညွှန်းဟု ဆိုရာ၌ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း (Myanmar National Bulding Code, MNBC) နှင့် ဆက်စပ်အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများကို ဆိုလိုသည်။ (ဃ)    BRCCA သည် စစ်ဆေးခြင်းလုပ်ငန်း (Inspection Work) ဆောင်ရွက်ရာ၌ ထိရောက်လျင်မြန်မှုရှိစေရန် စစ်ဆေးရေးပုံစံများ (Inspection Form)၊ လုပ်ငန်းတိုးတက်မှု အစီအရင်ခံစာ (Progress Report)၊ မှားယွင်းမှုပြင်ဆင်ခြင်းပုံစံ (Non Conformance Report)၊ တည်းဖြတ်အတည်ပြုခြင်းပုံစံ (Check List) စသည်တို့ ပါဝင်သော လုပ်ငန်းစစ်ဆေးခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်း (Quality Assurance/ Quality Control) ဆိုင်ရာ စာရွက်စာတမ်းများကို အသုံးပြုရန်၊ (င)     BRCCA သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အင်ဂျင်နီယာများ၊ ဗိသုကာများနှင့် ဆက်စပ်ပညာရှင်များကို နည်းပညာဖြန့်ဝေခြင်း (Knowledge Sharing)၊ လိုအပ်သော သင်တန်းများ ပေးခြင်း (Technical Training)၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ခေတ်မီပညာရပ်များ ရယူဆောင်ရွက်ခြင်း (Technical Transfer) တို့ကို ထိရောက်အောင် ဆောင်ရွက်ရန်၊ (စ)     BRCCA သည် အရည်အသွေးထိန်းသိမ်းခြင်းဆိုင်ရာ ထောက်ခံချက်များ (Recommendation)၊ ကန့်ကွက်ချက်များ (Objection)၊ လမ်းညွှန်ချက်များ (Instruction) တို့ကို လိုအပ်ပါက ထုတ်ပြန် ဆောင်ရွက်ရန်၊ (ဆ)    BRCCA သည် နည်းပညာဆိုင်ရာ အဖွဲ့အစည်းဖြစ်သဖြင့် ခွင့်ပြုမိန့်များ ထုတ်ပြန်ခြင်း (Issued Order)၊ အတည်ပြုခြင်း (Approval Letter)၊ လုပ်ငန်းရပ်စဲခြင်း (Job Dismissal) တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ရန်နှင့် BRCCA မှ ဆောင်ရွက်ခြင်း မပြုရန်။ BRCCA မှာပါဝင်တဲ့ အဖွဲ့ဝင်များ လိုက်နာရမယ့် စည်းကမ်း ၇ ချက်နဲ့ စည်းကမ်းဖောက်ဖျက်ပါက အရေးယူဆောင်ရွက်မယ့် အချက် ၃ ချက်ကိုပါ ပွင့်လင်းမြင်သာ ဖော်ပြထားပါတယ်။ ၁။ BRCCA အဖွဲ့ဝင်များသည် မိမိ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များ (CV/Resume) ကို ရှင်းလင်း ပြတ်သားစွာ ရေးသား၍ ရုံးအဖွဲ့သို့ တင်ပြထားရမည်။ ၂။ BRCCA အဖွဲ့ဝင်အချင်းချင်း ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ရိုင်းပင်း ကူညီကြရမည်။ ၃။ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများနှင့် BRCCA အဖွဲ့၏ စစ်ဆေးရေးပုံစံများကို မှန်ကန်စွာ လိုက်နာ ကျင့်သုံးရမည်။ ၄။ BRCCA အဖွဲ့ဝင်များသည် တာဝန်ဝတ္တရားများ ဆောင်ရွက်ရာ၌ ဘက်လိုက်ခြင်း မရှိဘဲ ပွင့်လင်းမြင်သာမှုနှင့် ရိုးသားမှု ရှိရမည်။ ၅။ မိမိကိုယ်တိုင် ပါဝင်သော ဆောက်လုပ်ရေးလုပ်ငန်းသည် BRCCA အဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ရန်ရှိသော လုပ်ငန်းဖြစ်နေပါက ရှုပ်ထွေးမှုပုံစံ (Conflict of Interest) မဖြစ်ပေါ်စေရန်အတွက် အခြားသော BRCCA အဖွဲ့ဝင်တဦးဦးမှ ဆောင်ရွက်ရမည်။ မိမိကိုယ်တိုင် စစ်ဆေးရေးအဖွဲ့တွင် ပါဝင်ခြင်း လုံးဝ (လုံးဝ) မရှိစေရ။ ၆။ BRCCA အဖွဲ့၏ အမည်နာမ အရှိန်အဝါကို အသုံးပြု၍ အခွင့်အရေးယူခြင်း၊ လွဲမှားစွာ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရ။ ၇။ BRCCA အဖွဲ့၏ အတွင်းရေးသတင်းများ၊ စီမံချက်များ၊ လုပ်ငန်းဆောင်ရွက်ရန် ညွှန်ကြားချက်များကို ပြင်ပသို့ ပေါက်ကြားခြင်း မရှိစေရ။ BRCCA အဖွဲ့ဝင်ကျင့်ဝတ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပြစ်မှု အကြီးအသေးပေါ် မူတည်၍ သတိပေးခြင်း၊ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း၊ ဥပဒေလမ်းကြောင်းအရ အရေးယူခြင်းတို့ ခံယူရမည် ဖြစ်သည်ကို အဖွဲ့ဝင်အားလုံးက သိရှိနားလည်ကြပါသည်။ လုပ်ငန်းဆောင်ရွက်ပုံ၊ Action Plan နှင့် Detailed Plan၊ လုပ်ငန်းခွင် လိုအပ်ချက်များနှင့် Work Components များ (အဆောက်အအုံ၊ လမ်း၊ တံတား)၊ Simplified Specifications တို့ကိုလည်း စနစ်ကျစွာ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ တွေ့ဆုံပွဲ၊  အလုပ်ရုံဆွေးနွေးပွဲနဲ့ သင်တန်းတွေကို ပဲခူး၊ ပြည် စတဲ့ မြို့ကြီးတွေမှာ ပြုလုပ်ပြီး Contractor ကုမ္ပဏီများ၊ QA/QC လုပ်ကိုင်တဲ့ အင်ဂျင်နီယာကုမ္ပဏီများ၊ အင်ဂျင်နီယာပညာရှင်များ၊ အင်ဂျင်နီယာလူငယ်များကို နည်းပညာဖြန့်ဝေခဲ့ပါတယ်။ QA/QC Procedures များ၊ အင်ဂျင်နီယာကျင့်ဝတ်၊ Structural, Road, MEP လုပ်ငန်းများ စသည်တို့ကို ဖြန့်ဝေပြီး အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု CPD Hour များ ရရှိအောင်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာလည်း BRCCA ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။ အဓိကဆောင်ရွက်နေရတဲ့ လုပ်ငန်းများကတော့- (၁) လုပ်ငန်းခွင်ပြဿနာရှိနေသော၊ တိုင်ကြားစာရှိသော Construction Site များအား ကွင်းဆင်း စစ်ဆေး၍ ဖြေရှင်းချက်ထုတ်ခြင်း၊ (၂) တင်ဒါပါ Drawing လိုအပ်ချက်များ၊ Design လိုအပ်ချက်များ၊ စံချိန်စံညွှန်း လိုအပ်ချက်များကို ဖြေရှင်းချက်ထုတ်ခြင်း၊ (၃) လုပ်ငန်းခွင် နည်းပညာပိုင်း အခက်အခဲများအား ဖြေရှင်းချက်ထုတ်ခြင်း၊ Shop Drawing များ ထုတ်ပေးခြင်း၊ (၄) Third Party QA/QC ကုမ္ပဏီများ ရွေးချယ်တာဝန်ပေးအပ်ခြင်း၊ (၅) Contractor ကုမ္ပဏီများအား အဆင့်အတန်း စိစစ်ခြင်း၊ (၆) တင်ဒါများတွင်ပါဝင်သည့် Drawings နှင့် BoQ၊ Technical Specification များ စိစစ်ခြင်း၊ Design Firm များနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း၊ (၇) လိုအပ်ပါက Design Calculations များ နှင့် Drawings များ ထုတ်ပေးခြင်း၊ (၈) လိုအပ်ပါက လုပ်ငန်းခွင်များကို တိုက်ရိုက်ကြီးကြပ်ခြင်း၊ (၉) လုပ်ငန်းခွင် စမ်းသပ်မှု (Field Test) များဆောင်ရွက်၍ အရည်အသွေး ထိန်းသိမ်းခြင်း အစရှိသည်တို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့်  လုပ်သက် ၇ လကျော်မှာ Action စာပေါင်း ၆၀၀ ကျော်ထွက်ပြီးချိန်၊ ကန်ထရိုက်တာတွေ QA/QC စနစ်ကို စတင်လိုက်နာလာချိန်၊ ဌာနဆိုင်ရာတွေမှာ ပြည်သူ့ငွေ Budget အဟောသိကံ ဖြစ်နေတာတွေ လျော့ကျလာချိန်၊ ပဲခူးကန်တော်ကြီးမှာ JICA က ချေးငွေနဲ့ဆောက်တဲ့ ရေသန့်စင်စနစ် Project Fail ဖြစ်နေတာကို တည့်မတ်ပေးနေချိန်၊ တင်ဒါစာရွက်စာတမ်းတွေမှာ Design, Drawing နဲ့ Specification အားနည်းချက်တွေကို ထောက်ပြကူညီနေချိန်၊ ဒေသတွင်း အင်ဂျင်နီယာတွေကို Technical Training တွေ ပေးနေချိန်မှာ မလိုသူတချို့က မီဒီယာမှတဆင့် ဝေဖန်ပြောကြားတာတွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ BRCCA မှာ ပါဝင်တဲ့ စေတနာ့ဝန်ထမ်း နည်းပညာရှင်တွေအနေနဲ့ အဂတိလိုက်စားမှု ကင်းစင်ခြင်း၊ နည်းပညာပိုင်း ထောက်ပံ့ကူညီမှုပေးခြင်း၊ လုပ်ငန်းခွင် အခက်အခဲများကို ဖြေရှင်းပေးခြင်း စတဲ့ မူဝါဒတွေကို လက်ကိုင်ထားပြီး အလုပ်နဲ့ သက်သေပြမယ် ဆိုတဲ့ စေတနာသတ္တိကိုပဲ မွေးမြူ လုပ်ဆောင်ခဲ့ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ကောင်းမွန်သော အရွေ့တခု ရှိလာအောင် ကြိုးပမ်းဆောင်ရွက်ရာမှာ အခက်အခဲတွေကတော့ ရှိစမြဲပါပဲ။ BRCCA က ခန့်အပ်ထားတဲ့  QA/QC ကုမ္ပဏီတွေထဲမှာ ကျွမ်းကျင်မှုနဲ့ ပညာရှင် လိုအပ်ချက်ရှိတဲ့ ကုမ္ပဏီတွေ နေရာမှာ အစားထိုး ဆောင်ရွက်တာ၊ BRCCA ကတိုက်ရိုက် ဆောင်ရွက်ရတာမျိုးတွေ ရှိပါတယ်။ BRCCA ရဲ့ မူလဖွဲ့စည်းပုံမှာပါတဲ့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူး သုံးဦးဟာ မိခင်ဌာနတွေရဲ့ လုပ်ငန်းကတဖက် ရှိတာမို့ လက်တွေ့ ဆောင်ရွက်မှုတွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုနိုင်တဲ့အတွက် ချန်လှပ်ပြီး၊ ကျန်းမာရေးမကောင်းသူ အဖွဲ့ဝင်နှစ်ဦးကိုလည်း အစားထိုးကာ အောက်ဖော်ပြပါပုဂ္ဂိုလ်များနဲ့ လုပ်ငန်းများ လုပ်ဆောင်နေပါတယ်။ (က) ဦးဝင်းနိုင်ထွန်း          PE(Structural), PE(Geotechnical)         ဥက္ကဋ္ဌ (ခ) ဦးစန်းမြင့်                 RSE (EP)                                       ဒု-ဥက္ကဋ္ဌ (ဂ) ဦးနိုင်ကို                  BE(Civil)                                       အဖွဲ့ဝင် (ဃ) ဦးလှမင်း                B.Arch, SLA                                   အဖွဲ့ဝင် (င) ဦးသူရ၀င်းတင်           PE(Mechanical, Building Services)        အဖွဲ့ဝင် (စ) ဦးထင်အောင်             PE(Structural), RSE(Construction)        အဖွဲ့ဝင် (ဆ) ဦးမျိုးမင်းထွေး          BE (Civil)                                      အဖွဲ့ဝင် (ဇ) ဦးညီညီလေး              ME(Civil)                                       အဖွဲ့ဝင် (ဈ) ဦးဝင်းမိုးခိုင်              BE(Civil)                                       အဖွဲ့ဝင် (ည) ဦးဇော်မိုးလွင်            BE(Civil)                                       အဖွဲ့ဝင် (ဋ) ဦးတင်ဝင်း                AGTI(Civil), RSE(Construction Road)    အဖွဲ့ဝင် (ဌ) ​ဒေါ်စိန်မြင့်ဦး             AGTI(Civil)                                    အဖွဲ့ဝင် (ဍ) ဒေါ်မေထက်ဝင်း          AGTI(Civil)                                    အဖွဲ့ဝင် () ဦးသူရိန်ဝင်း              BE(Mechanical), RSE(Building Services) အဖွဲ့ဝင် MPH (International Health-Thailand)     (ဏ) ဦးမြင့်ဆွေ               AGTI(Civil), RSE(Water-Resources)      အဖွဲ့ဝင် (တ) ဦးလှဝေ                 BA(Law), LLB                                 အဖွဲ့ဝင် (ထ) ဦးထိုက်လင်း            BE(Mechanical)                          အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာလည်း Authority အစား Committee အနေနဲ့ အသုံးပြုဖို့ ဝေဖန်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။ အပြည်ပြည်ဆိုင်ရာမှာတော့ နည်းပညာဆိုင်ရာ ထိန်းကျောင်းတဲ့ အဖွဲ့အစည်းတွေကို ပျော့ပျောင်းတဲ့အသွင်ရှိတဲ့ Committee လို့ မသုံးဘဲ ခိုင်မာပြတ်သားတဲ့ Authority လို့ သုံးလေ့ရှိပါတယ်။ ဥပမာ- Building Control Authority (BCA), Industrial Estate Authority (IEA), Expressway and Rapid Transit Authority (ETA) အစရှိသဖြင့်ပေါ့။ အပြောင်းအလဲတခု၊ ကောင်းမွန်သော အရွေ့တခုသည် မဝေးပါ။ တဦး တယောက်တည်းဖြင့်လည်း အထမမြောက်နိုင်ပါ။ နားလည်တတ်ကျွမ်းသူများ ပါဝင်ပါက စုပေါင်းညီညာ အောင်ကြောင်းဖြာတတ်ပါသည်။ သို့သော် အခန့်မသင့်၍ နွားကွဲလျှင်မူကား.................။ ကျောင်းဆရာ (မှော်ဘီ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024