စီဒေါစာချုပ်ကို ခြွင်းချက်မထားဘဲ လက်မှတ်ရေးထိုးရန် တိုက်တွန်း
DVB
·
March 5, 2018
အမျိုးသမီးတွေကို နည်းမျိုးစုံ ခွဲခြားမှုပပျောက်ရေး သဘောတူစာချုပ် စီဒေါ (Cedaw) စာချုပ်မှာ အပိုဒ် ၂၉ ကို ခြွင်းချက်မထား လက်မှတ်ထိုးရေးအတွက် အစိုးရကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီလုပ်ငန်းကော်မတီက တောင်းဆိုလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် တောင်းဆိုလိုက်တာလို့ လူ့ဘောင်သစ်ပါတီ အမျိုးသမီးလုပ်ငန်းကော်မတီ ဆက်သွယ်ရေးတာဝန်ခံ ဒေါ်သက်ဇွန်လင်းထက်က ပြောပါတယ်။
“တာဝန်ခံ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ အကောင်အထည်ဖော်တဲ့အခါ အခုလို ခြွင်းချက်ထားတာကြောင့် အမျိုးသမီးတွေအတွက် အပြည့်အဝ အကာအကွယ် မဖြစ်ဘူး ဖြစ်နေတယ်။ အခု လာမယ့်ဇူလိုင်လမှာ ၂၁ နှစ် ပြည့်တော့မယ်။ အစိုးရဘက်က Report တော့ တက်တယ်။ တကယ် ပြောင်းလဲလား၊ မပြောင်းလဲဆိုတာ သိပြီးသား ဖြစ်တယ်။ ဘာလို့ ထူးထူးခြားခြား မပြောင်းလဲတာလည်း စဉ်းစားရမယ့်အချက် ဖြစ်တယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာ နည်းမှန်လမ်းမှန် မဖြစ်ဘူး။ အကောင်အထည်ဖော်မှု အားနည်းနေတာကို ပြောလို့မရဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျမတို့ အခုလို တောင်းဆိုဖြစ်တယ်။"
၁၉၉၇ ဇူလိုင်လ ၂၂ ရက်နေ့ က စီဒေါ (Cedaw) စာချုပ်ကို မြန်မာအစိုးရက အပိုဒ် ၂၉ ကို ခြွင်းချက်ထားကာ လက်မှတ်ရေးထိုးခဲ့တာပါ။
စီဒေါ အပိုဒ် (၂၉) ခြွင်းချက်ထား လက်မှတ်ရေးထိုးထားမှုကြောင့် အမျိုးသမီးတွေအပေါ် ခွဲခြားဖိနှိပ်ခံရမှု ပပျောက်ရေးကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ဖို့အတွက် ဝိုင်းဝန်း တည့်မတ် ထိန်းကျောင်းပေးဖို့ အခွင့်အလမ်းမရှိစေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။