လှိုင်သာယာအလုပ်သမားဆန္ဒပြမှု ၈၈ ကျောင်းသားများ သွားရောက် ထိန်းညှိပေး
ရွှေအောင်
·
May 21, 2012

အလုပ်သမားဆန္ဒပြမှုတွေ ရက်ရှည်လာတဲ့အခြေအနေကို ထိန်းညှိပေးဖို့အတွက် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ လှိုင်သာယာ အလုပ်သမား ဆန္ဒပြတဲ့နေရာတွေကို ဒီနေ့ သွားရောက်ခဲ့ကြပါတယ်။
[caption id="attachment_25684" align="alignleft" width="300" caption="ကိုမင်းကိုနိုင် ညှိနှိုင်းဆောင်ရွက်ပေးနေစဉ်"]
[/caption]
လှိုင်သာယာစက်မှုဇုန်မှာ လုပ်ခလစာတိုးမြှင့်ရရှိဖို့ ဒီနေ့ ဆက်လက် ဆန္ဒပြနေကြတဲ့ ဟိုင်မိုဆံပင်တုစက်ရုံ၊ ပုလဲ၊ YJ၊ နေမင်းရောင်နဲ့ စံပယ်ပွင့် အထည်ချုပ်စက်ရုံတွေကို သွားရောက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲ့ဒီလိုတွေ့ဆုံရာမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပေးဖို့လိုအပ်တယ်၊ အလုပ်ရှင်ရဲ့ ရပ်တည်ရေးကိုလည်း အသိအမှတ်ပြုတယ်၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကိုလည်း ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း သွားရောက် ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။
စက်ရုံတွေမှာ အလုပ်သမားတွေနဲ့ တွေ့ဆုံရင်း ကိုမင်းကိုနိုင် ဆွေးနွေး ပြောဆိုခဲ့တာတွေကိုလည်း ကိုဂျင်မီက ခုလို ပြောပြပါတယ်။
“ကိုမင်းကိုနိုင် ပြောတာတော့ အလုပ်သမားတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပါ။ အကြမ်းဖက်တာ မလုပ်ပါနဲ့၊ ဖျက်ဆီးတာတွေ မလုပ်ပါနဲ့။ အလုပ်ရှင်ကို ကိုယ့်ရဲ့ပြဿနာ ဖြေရှင်းဘက်လို့ သဘောထားပါ။ အလုပ်ရှင်ကလည်း အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သေချာပေးပါ။ ရိုးရိုးသားသား ကိုယ့်အခြေအနေကို ပြောပါ။ ရိုးရိုးသားသားပြောပြီး သေချာညှိနှိုင်းပြီး သွားပါဆိုတာကို တိုက်တွန်းခဲ့တာပဲ။”
လတ်တလောမှာ လှိုင်သာယာစက်မှုဇုန်က စက်ရုံအနည်းဆုံး ၅ ခုမှာ အလုပ်သမား ၅ ထောင်လောက် လုပ်ခလစာ တိုးရဖို့ ဆက်လက် ဆန္ဒပြနေကြပါတယ်။
ဒီအလုပ်သမားဆန္ဒပြတဲ့ ကိစ္စရပ်တွေကို ပြေလည်အောင်ဖြေရှင်းလို့ ရနိုင်တဲ့ အလုပ်သမားဥပဒေ၊ နည်းဥပဒေတွေ ရှိနေတဲ့အကြောင်းနဲ့ အစိုးရအနေနဲ့ ဘာကြောင့် အကောင်အထည် မဖော်သေးတာလဲလို့ ကိုဂျင်မီက မေးခွန်းထုတ်လိုက်ပါတယ်။
“၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး နည်းဥပဒေများ ဆိုတဲ့ စာအုပ်ကို အစိုးရက ထုတ်ထားတယ်။ ထုတ်ထားတော့ အခန်း ၃ ပုဒ်မ ၁၀ မှာ ဘာပါလဲဆိုတော့ အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ဖွဲ့စည်းခြင်းဆိုတဲ့ အပိုဒ်ပါတယ်။
“အဲဒီအပိုဒ်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် အငြင်းပွားမှု ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်။ အစိုးရတာဝန်က ဖွဲ့ပေးရမယ်။ (က) သက်ဆိုင်ရာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့က တာဝန်ပေးအပ်သူတဦးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမယ်။ အလုပ်ရှင်က (သို့မဟုတ်) အလုပ်သမား အဖွဲ့အစည်းများက ရွေးချယ်ပေးသော ကိုယ်စားလှယ် သုံးဦး၊ ဒါက အဖွဲ့ဝင်၊ အလုပ်သမားများ (သို့မဟုတ်) အလုပ်သမားအဖွဲ့အစည်းက ရွေးချယ်ပေးသော ကိုယ်စားလှယ်သုံးဦး၊ (အဖွဲ့ဝင်)၊ သက်ဆိုင်ရာမြို့နယ်အဆင့် အစိုးရဌာနဆိုင်ရာ ကိုယ်စားလှယ်တဦး (အဖွဲ့ဝင်)၊ အလုပ်ရှင်နှင့် အလုပ်သမား အဖွဲ့အစည်းများက ယုံကြည်လက်ခံသည့် ဂုဏ်သရေရှိ ပုဂ္ဂိုလ် နှစ်ဦး (အဖွဲ့ဝင်)၊ ဝန်ကြီးဌာနက တာဝန်ပေးအပ်သူတဦး (အတွင်းရေးမှူး)။ အဲဒီတော့ ဒီလူတွေနဲ့ အငြင်းပွားမှု ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ကို ဖွဲ့စည်းရမယ်ဆိုတာက ဥပဒေကော၊ နည်းဥပဒေပါ ထွက်ပြီးနေပြီ။ အဲဒါကို ဘာကြောင့်အကောင်အထည် မဖော်သေးလဲ။”
ပြီးခဲ့တဲ့ အပတ်ကစပြီး ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်က စက်ရုံ အလုပ်သမားတွေ လုပ်ခလစာတိုးရဖို့ ဆန္ဒပြနေကြရာမှာ အလုပ်ရှင်နဲ့ အလုပ်သမား ညှိမရတဲ့အတွက် အခုအချိန်အထိ ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတာပါ။
