A d v e r t i s e m e n t With Us

အီရန် လက်နက်ကိုင်ကွန်ရက်က တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းထားကြောင်း ဘာရိန်းပြော

အီရန်တော်လှန်ရေး အစောင့်တပ် (IRGC) က ဖွဲ့စည်း ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်ကွန်ရက်က တပ်ဖွဲ့ဝင်တွေကို  ဖမ်းထားပြီလို့ ဘာရိန်း အစိုးရက ပြောလိုက်ပါတယ်။ ဘာရိန်း အစိုးရအရာရှိတွေနဲ့ လုံခြုံရေးတပ်တွေကို တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ သံသယရှိတဲ့ လက်နက်ကိုင်ကွန်ရက်က အဖွဲ့ဝင် ၁၁၆ ယောက်ကို ဖမ်းထားပြီလို့ ဘာရိန်းအစိုးရက မတ် ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဖမ်းဆီးခံထဲက ၄၈ ယောက်ဟာ အီရန်နိုင်ငံထဲက (IRGC) ရဲ့ တပ်တွေထဲမှာ သင်တန်းတက်ဖူးတယ်၊ အဖွဲ့ခွဲတွေက အီရတ်နဲ့ လက်ဘနွန် နိုင်ငံတွေထဲမှာရှိတယ်၊ ဒီကွန်ရက်ကို အီရန်တော်လှန်ရေး အစောင့်တပ်က ဖွဲ့စည်းထောက်ပံ့ထားတယ်လို့လည်း စွပ်စွဲပါတယ်။ အကြမ်းဖက် တိုက်ခိုက်ရာမှာ သုံးဖို့ ရည်ရွယ်ထားတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ထုတ်လုပ် သိုလှောင်ဖို့ စစ်သွေးကြွတွေသုံးတဲ့ နေရာတွေကို စုံစမ်းစစ်ဆေးသူတွေက တွေ့ခဲ့တယ်လို့ ဘာရိန်းပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေ၊ ပစ္စတိုသေနတ်တွေနဲ့ သံလိုက်ဗုံးတွေ၊ ဗုံးသီးတွေကို တွေ့ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို မှတ်ချက်အတွက် ဆက်သွယ်လို့ မရသေးပါဘူး။ ဒါပေမယ့် အရင်ကလည်း အီရန်က အလားတူ စွဲချက်တွေကို ငြင်းဖူးပါတယ်။ ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုတဲ့ ရှီးယိုက်မွတ်ဆလင် လူများစု ခေါင်းဆောင်တဲ့ အာရပ်နွေဦးတော်လှန်ရေးကို ဘာရိန်းအစိုးရက ဖြေရှင်းနိုင်ခဲ့တာပါ။ ဒါပေမယ့် စစ်သွေးကြွတွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီစစ်သွေးကြွတွေကို အီရန်က သင်တန်းပေး ထောက်ပံ့နေတယ်လို့ ဆွန်နီမွတ်စလင်တွေ ဦးဆောင်တဲ့ ဘာရိန်း အစိုးရက စွပ်စွဲပါတယ်။ အီရန် အစိုးရက စွဲချက်ကို ငြင်းပါတယ် ဘာရိန်းနိုင်ငံဟာ ပင်လယ်ကွေ့ ဒေသတွင်း ပြိုင်ဘက် ဆော်ဒီအာရေဗျနဲ့ အီရန်ကြား ဗျူဟာမြောက်နေရာမှာ ရှိပါတယ်။ အမေရိကန်ရဲ့ အမှတ်ငါး တပ်မဟာလဲ အခြေစိုက်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up