DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းရွာသားများ နေရာမှဖယ်ပေးရမည့်အရေး ရင်ဆိုင်နေရ
DVB
·
May 21, 2012
Donate to DVB

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာတရွာက ရွာသားတွေ ကို ရွှေကုမ္ပဏီတခုက တူးဖော်ရေးလုပ်ငန်း လုပ်ဖို့အတွက် သက်ဆိုင်ရာ က ပြောင်းရွှေ့ခိုင်းနေပါတယ်။

ပိတ်ကျင်းမြို့နယ် ကွင်းသုံးဆယ်ကျေးရွာ၊ ငှက်ပျောတောရပ်ကွက် ရွာသားတွေ တည်ရှိလာတဲ့ ရွာဖြစ်ပြီး ဖော်လပ် ကုမ္ပဏီက ရွှေတူးဖော်ဖို့ အတွက် ဖယ်ခိုင်းခံနေရတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကတည်းက တည်ရှိလာတဲ့ အဲဒီရွာမှာ  လက်ရှိ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၂၀၀ ခန့်နေထိုင်နေပြီး ဈေးအရောင်းအ၀ယ်နဲ့ ရွှေရှာဖွေရေး လုပ်နေကြတာပါ။ လွန်ခဲ့တဲ့ ၁၅ ရက်နေ့ က သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက ရွာသားတွေကို ဆင့်ခေါ်ပြီး ပြောင်းရွှေ့ ဖို့ ပြောဆို ခဲ့ပါသေးတယ်။

အတင်းအကျပ်ဖယ်ခိုင်းရင် အသက် ၇၀ ကျော် အဘိုးအဘွားတွေ အပါအ၀င် ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အထွေထွေ လုပ်ကိုင်စားသောက်မှု ထိခိုက်ကြတော့မှာဖြစ်ပါတယ်။

ပြောင်းရွှေ့စရိတ် တအိမ်ထောင်ကို ကျပ် ၅ သောင်း ပေးပြီး အသစ်နေရာချမယ့် နေရာဟာ သူတို့ အတွက် အဆင်မပြေဘူး လို့ ရွာသား ဦးစိန်ဝင်းက ပြောပါတယ်။

“ဖော်လပ် ကုမ္ပဏီက ကျနော်တို့ရွာလေးကို အသိုက်အမြုံပျက်အောင် လုပ်နေ ပါတယ်။ မြို့နယ် အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းပြီးတော့ နည်းမျိုးစုံနဲ့ လိမ်ညာပြီးတော့ နိုင်ငံတော် အကြီးအကဲများကို လည်း စာတင်နေပါတယ်။ သူတို့ပေးတဲ့နေရာကို ရွှေ့ရမယ်ဆိုရင် ကျန်းမာရေးလည်း ဒုက္ခရောက်နိုင် ပါတယ်။ ကလေးတွေရဲ့ ပညာရေး ဒုက္ခလည်း ရောက်ပါတယ်။ နေဖို့ကလည်း ကုန်းပြောင်တောင်ထိပ် မှာ ဆိုတော့ လူတွေလည်း မပျော်ကြဘူး။ ရေအခက်အခဲလည်း ရှိပါတယ်။”

မြို့နယ်အုပ်ချုပ်ရေးမှူးက အဖမ်းအဆီးနဲ့ သတိပေးခြိမ်းခြောက်ခဲ့ပုံကို ဦးစိန်ဝင်းက ခုလို ပြောပါတယ်။

“သူက ကျနော်တို့ဘက်က မရပ်တည်ပါဘူး။ ဒီကုမ္ပဏီ လုပ်ကွက်ရအောင် ကျနော်တို့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေ ပါတယ်။ အခုလည်း ၁၅ ရက်နေ့က အစည်းအဝေးခေါ်ပြီး တခါထပ် ဖယ်ရှားခိုင်းပါတယ်။ မဖယ်ပေးနိုင်တဲ့ ကျနော်တို့က ပြန်ပြောပြီး ပြန်လာတယ်။ ဒါတောင် အချုပ်ထဲမှာ နေခဲ့ခိုင်းတာ၊ မင်းတို့ကို ငါ မဖမ်းဘူးနော်။ ရဲတွေဖမ်းတာလို့လည်း ပြောပါတယ်။”

ဒီကိစ္စကို ရွာသားတွေက မဖယ်ရရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးကို သွားရောက်ပြီး အကူညီတောင်းခဲ့ကြပါတယ်။ မန္တလေးတိုင်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမျိုးနိုင်က ဒီရွာသားတွေ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ အိုင်အယ်လ်အိုရုံးတွေမှာ အကူအညီ တောင်းပေးသွားမယ်လို့ ပြောပါတယ်။

“ဒီမှာရှိတဲ့ တိုင်းဥပဒေ အထောက်အကူပြုတဲ့ ရှေ့နေကွန်ရက်က ပုဂ္ဂိုလ်တွေနဲ့ ဥပဒေကြောင်းအရ ဘယ်လိုဆောင်ရွက်ရမလဲ၊ နောက်တခုက မန္တလေးမှာရှိတဲ့ သတင်း မီဒီယာ၊ ပြည်တွင်း သတင်း မီဒီယာတွေနဲ့ ချိတ် ဆက်ပြီးတော့ လုပ်နေတယ်။”

၂၀၁၀ ခုနှစ်ကုန်ပိုင်းတုန်းကလည်း ရွာသားတွေကို ရွှေတူးဖော်ရေး ကုမ္ပဏီတခုက တကြိမ်ဖယ်ခိုင်းခဲ့ဖူးပြီး ရွာသားတွေက နိုင်ငံတော်အကြီးအကဲတွေဆီ အသနားခံတင်ပြခဲ့လို့ ကုမ္ပဏီက ဆုတ်ခွာသွားဖူး ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013