DVB Logo
Home
မြန်မာသတင်း
အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ပြင်ဆင်တိုး​ချဲ့​ဖွဲ့​စည်း​မည်
DVB
·
May 21, 2012
အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီ ပြင်ဆင်တိုး​ချဲ့​ဖွဲ့​စည်း​မည်
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်) ပါတီဟာ ဗဟိုအလုပ်မှု​ဆောင် တချို့​အပါအဝင် လွှတ်​တော်ကိုယ်စား​လှယ် တဝက်​လောက် ပါတီဝင်အဖြစ်က​နေ နုတ်ထွက်သွား​ပြီး​နောက် ပါတီကို ပြန်လည်ပြင်ဆင်ဖွဲ့​စည်း​ဖို့​ပြင်ဆင်​နေတယ်လို့​ ပါတီက ထုတ်​ဖော်​ပြောကြား​လိုက်ပါတယ်။

ပါတီရဲ့​ ​ခေါင်း​ဆောင်ပိုင်း​ကို ပြန်လည်အား​ဖြည့်​ဖို့​နဲ့​ လာမယ့်​ ၂၀၁၅ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲအတွက် ပြင်ဆင်တဲ့​အ​နေနဲ့​ ပါတီကို ပြန်လည်ပြင်ဆင် တိုး​ချဲ့​ဖွဲ့​စည်း​သွား​မယ်လို့​ အန်ဒီအက်ဖ်ပါတီ မူဝါဒ​ရေး​ရာ​ခေါင်း​ဆောင် ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“ကျ​နော်တို့​က ​ပြောင်း​လဲဖွဲ့​စည်း​မှာမဟုတ်ဘူး​ဗျ၊​ ပြန်လည်ပြင်ဆင် တိုး​ချဲ့​မှာပါ။ စီအီး​စီမှာ အား​နည်း​နေလို့​၊​ လူနည်း​တာ​ပေါ့​ဗျာ။ ​နောက်တခါ ​ရွေး​ကောက်ပွဲကို ဖြတ်သန်း​ပြီး​တဲ့​အခါမှာ ကျ​နော်တို့​ လှုပ်ရှား​မှုအပိုင်း​မှာ ဘယ်လို ​ဆောင်ရွက်ကြမလဲ၊​ နည်း​ဗျူဟာပိုင်း​က ဘယ်လိုလုပ်မလဲ၊​ စည်း​ရုံး​ရေး​ ဖွဲ့​စည်း​ရေး​မှာ ဘယ်လိုလုပ်မလဲ ဆိုတဲ့​ဟာ​တွေကို ကျ​နော်တို့​ စဉ်း​စား​ပြီး​တော့​ မူချဖို့​ပါ။ မူချတဲ့​အခါမှာ လူ​တွေကလည်း​ ထွက်တဲ့​လူ​တွေက ဗဟိုအဆင့်​က ၃ ​ယောက်​လောက် ထွက်သွား​တယ်။ အမတ် ၂ ​ယောက်နဲ့​ စီး​အီး​စီ ၁ ​ယောက် ထွက်သွား​တော့​ အဲ​နေရာ​တွေက အစား​ဖြည့်​ဖို့​ လိုပါတယ်။ ”

အန်ဒီအက်ဖ်ပါတီဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​မှာ​ရော ၂၀၁၂ ကြား​ဖြတ်​ရွေး​ ​ကောက်ပွဲကာလမှာပါ ပါတီရဲ့​ ဗဟိုအလုပ်အမှု ​ဆောင်တချို့​နဲ့​ လွှတ်​တော် ကိုယ်စား​လှယ်တဝက် နုတ်ထွက်မှုနဲ့​ ကြုံခဲ့​ရတာပါ။

၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​မှာ ပါတီသစ်ထူ​ထောင်သွား​တဲ့​ ဦး​သိန်း​ညွန့်​ အပါအဝင် လွှတ်​တော်အမတ် ၅ ဦး​လောက် နုတ်ထွက်သွား​ပြီး​ ၂၀၁၂ ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲကာလမှာ​တော့​ အန်အယ်လ်ဒီပါတီကို ကူး​ပြောင်း​သွား​တဲ့​ ​ဒေါက်တာ မြတ်ဥာဏစိုး​ အပါအဝင် လွှတ်​တော်ကိုယ်စား​လှယ် ​နောက်ထပ် ၃ ဦး​ ပါတီက နုတ်ထွက်သွား​ခဲ့​တာပါ။

ပါတီကို မူလက ဗဟိုအလုပ်အမှု​ဆောင် စီအီး​စီ ၁၅ ဦး​နဲ့​ဖွဲ့​စည်း​ထား​ရာက ၂၅ ဦး​ထိ တိုး​ချဲ့​ဖွဲ့​စည်း​သွား​မှာဖြစ်ပြီး​ ဒီလိုတိုး​ချဲ့​ဖွဲ့​စည်း​ဖို့​အတွက် လာမယ့်​ ဇွန်လ ဒုတိယပတ်​လောက်မှာ ပါတီရဲ့​ နိုင်ငံလုံး​ဆိုင်ရာ ဗဟိုအအဆင့်​ အစည်း​ အ​ဝေး​ ​ခေါ်ယူ​ရွေး​ချယ်မှာဖြစ်ပြီး​ အဲဒီအစည်း​အ​ဝေး​က​နေ ၂၀၁၅ ​ရွေး​ကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့​အ​နေနဲ့​ ပါတီလုပ်ငန်း​စဉ် မူဝါဒသစ်​တွေ ချမှတ်သွား​မယ်လို့​လည်း​ ဦး​ခင်​မောင်​ဆွေက ​ပြောပါတယ်။

“ဇွန်လလယ်​လောက်မှာ နိုင်ငံလုံး​ဆိုင်ရာ ဗဟိုဦး​စီး​အစည်း​အ​ဝေး​ခေါ်ပြီး​ သ​ဘောထား​တွေ ​မေး​မြန်း​ပြီး​တော့​ လူဖြည့်​တာ​ရော၊​ တိုး​ချဲ့​တာ​ရော၊​ တာဝန် အသီး​သီး​ ခွဲ​ဝေ​ပေး​တာ​ရော ​တော်​တော်တိတိကျကျနဲ့​ ထိ​ရောက်တဲ့​ ကျ​နော်တို့​ ပါတီလုပ်ငန်း​စဉ်တခုကို ချမှတ်ဖို့​။ အဓိကက​တော့​ ပါတီတွင်း​ ဒီမိုက​ရေစီကို အပြည့်​အဝကျင့်​သုံး​ရေး​ပေါ့​။ ​နောက်ပြီး​တော့​ ဖွဲ့​စည်း​ရေး​မှာ ဘယ်လိုဖွဲ့​စည်း​သွား​မလဲ၊​ ​ရွေး​ကောက်ပွဲကာလကျရင် ဘယ်လိုလုပ်မလဲဆိုတဲ့​ အပိုင်း​တွေကို တိတိကျကျ ကျ​နော်တို့​ မူချဖို့​ပါပဲ။”

အမျိုး​သား​ဒီမိုက​ရေစီအင်အား​စုပါတီကို ၂၀၁၀ ​ရွေး​ကောက်ပွဲကာလတုန်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ချိန်မှာ ပါတီဝင်​ဟောင်း​တွေက တည်​ထောင်ခဲ့​တာပါ။ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ အန်ဒီအက်ဖ်ပါတီက လွှတ်​တော် ၃ ရပ်စလုံး​မှာ ၁၆ ဦး​ ​ရွေး​ကောက် တင်​မြှောက်ခံခဲ့​ရပါတယ်။

ခုလက်ရှိအချိန်မှာ​တော့​ ၈ ဦး​နုတ်ထွက်သွား​တဲ့​အတွက် ပြည်သူ့​လွှတ်​တော် မှာ ၄ ဦး​၊​ အမျိုး​သား​လွှတ်​တော်မှာ ၂ ဦး​နဲ့​ တိုင်း​ဒေသကြီး​ လွှတ်​တော်မှာ ၂ ဦး​ စုစု​ပေါင်း​ ၈ ဦး​ကျန်ရှိပါတယ်။ ပါတီဝင်အင်အား​က​တော့​ တနိုင်ငံလုံး​မှာ ခန့်​မှန်း​ချေ ၈ ​ထောင်က​နေ ၁ ​သောင်း​နီး​ပါး​ရှိမယ်လို့​ပါတီက ခန့်​မှန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013