A d v e r t i s e m e n t With Us

သံမဏိတင်သွင်းမှု ထပ်ဆောင်းခွန် အမေရိကန်ကောက်မည့်အပေါ် ဂျပန်နှင့်ကနေဒါ တုံ့ပြန်

အမေရိကန်ရဲ့ သံမဏိတင်သွင်းမှုအပေါ် ထပ်ဆောင်းခွန် ကောက်ခံမယ့် လုပ်ရပ်ကို ဂျပန်နဲ့ ကနေဒါတို့က တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ သံမဏိနဲ့ တခြားထုတ်ကုန်တွေကို အမေရိကန်နိုင်ငံတွင်း တင်သွင်းမှုနဲ့ ပတ်သက်ပြီး ထပ်ဆောင်းခွန် ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာအပြီးမှာ ခုလို တုံ့ပြန်လိုက်ကြတာပါ။ ဂျပန်ကနေ အမေရိကန်ကို တင်ပို့တဲ့ သံမဏိနဲ့ ဒန်သတ္ထုတွေဟာ အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်မှု လုံးဝမရှိဘူးလို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဟိရိုရှိငဲဆဲကိုက သတင်းထောက်တွေကို မတ်လ ၂ရက်နေ့မှာ ပြောပါတယ်။ ဘယ်နိုင်ငံတွေကို ပစ်မှတ်ထားတယ်ဆိုတာ ထရမ့်က မကြေညာဘူးလို့လည်း သူက ပြောပါတယ်။ တခြား ဝန်ကြီးတွေကတော့ ဂျပန်အစိုးရဟာ အမေရိကန် အိမ်ဖြူတော်က လာမယ့် သီတင်းပတ်မှာ ကြေညာမယ့် ထပ်ဆောင်းခွန် ကန့်သတ်ချက်ကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။ ကနေဒါ အစိုးရက ကုန်သွယ်ရေး အကျိုးအမြတ်နဲ့ အလုပ်သမားတွေကို ကာကွယ်ဖို့ အမေရိကန်ရဲ့ ထပ်ဆောင်းခွန် ကန့်သတ်ချက်အပေါ် လက်တုံ့ပြန်သွားမယ်လို့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ခရစ်စတီယာ ဖရီးလန်းက ပြောပါတယ်။ လုံးဝ လက်သင့်မခံနိုင်တဲ့ လုပ်ရပ်လို့လည်း ဆိုပါတယ်။ ဘယ်လို လက်တုံ့ပြန်မယ်ဆိုတာကိုတော့ သူက အသေးစိတ် မပြောပါဘူး။ ကနေဒါဟာ ကုန်စည် ပြည်ပတင်ပို့မှု ၇၅ ရာခိုင်နှုန်း အမေရိကန်ကို တင်ပို့နေတာပါ။ အမေရိကန်အတွက် ကနေဒါဟာ အကြီးဆုံး သံမဏိနဲ့ အလူမီနီယံ ဖြန့်ဖြူးရောင်းချသူလည်း ဖြစ်ပါတယ်။ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး အဓိကမဟာမိတ်တွေဖြစ်တဲ့ တရုတ်၊ ဥရောပနဲ့ အိမ်နီးချင်း ကနေဒါတို့ လက်တုံ့ပြန်အောင် ဆွလာနိုင်လို့ ကမ္ဘာ့စီးပွားရေးအတွက် ထိုးနှက်ချက် ဖြစ်လာမှာကို ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up