A d v e r t i s e m e n t With Us

ကလေး ၈၀ ကျော်အား လိင်ပိုင်းစော်ကားခဲ့သည့် အဘိုးအိုကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်

ဆယ်စုနှစ်တခုကျော်အတွင်း ထိုင်းနိုင်ငံမှာ ကလေး ၈၀ ကျော်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တဲ့ ပတ္တယား လိင်မှုခရီးသွားတဦးကို ဆွစ်ဇာလန်တရားရုံးက မတ်လ ၁ ရက်နေ့မှာ ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အရှေ့ပိုင်း ဂရူရဲ့မြို့တရားရုံးက လူစန်းမြို့မှ အသက် ၇၂ နှစ်အရွယ် အမည်မဖော်ပြတဲ့ အမျိုးသားတဦးကို ငယ်ရွယ်သူတွေနဲ့ လိင်ဆက်ဆံမှု၊ လူကုန်ကူးမှုတို့နဲ့ ထောင်ဒဏ် ချမှတ်လိုက်တာပါ။ အမျိုးသားကြီးက ပတ္တယားမှာ နေထိုင်စဉ် အသက် ၉ နှစ် အရွယ် ကောင်လေးတွေအထိ လိင်ပိုင်းစော်ကားမှု ပြုလုပ်ခဲ့ကြောင်း တရားရုံးက သိခဲ့ပြီး အဓိက ရာဇဝတ်မှုတွေကို ကျူးလွန်တာက ၂၀၀၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်ကြားမှာ ကျူးလွန်ခဲ့တာလို့ ဆွစ်အင်ဖိုသတင်းဌာနက ထုတ်ပြန်ထားပါတယ်။ ဒီအမျိုးသားက ၁၉၈၀ နဲ့ ၁၉၉၁ ခုနှစ်တွေမှာလည်း ဖရီဘာနဲ့ ဗာလေနယ်တွေမှာ အလားတူအမှုမျိုး ကျူးလွန်ခဲ့လို့ ထောင်ဒဏ် ကျခံခဲ့ရပြီး ထောင်ဒဏ်ကျခံပြီးနောက် ၁၉၉၆ ခုနှစ်မှာ ထိုင်းနိုင်ငံကို လာရောက်ကာ ပတ္တယားမှာ ဂိုး-ဂိုး ဘား ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။ ကလေးတွေကို လိင်ပိုင်းတိမ်းညွှတ်တဲ့ အမျိုးသားကြီးက အတင်းအဓမ္မ ကလေးအချင်းချင်း၊ ကလေးတွေနဲ့သူ ဒါမှမဟုတ် ကလေးတွေနဲ့ ဥရောပကနေ သူ့ဘားကို လာတဲ့သူတွေ လိင်ဆက်ဆံပုံ စတဲ့ ကလေးတွေရဲ့ ညစ်ညမ်းပုံတွေကို ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ သူ့ရဲ့ကွန်ပျူတာပေါ်မှာ ကောင်လေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ ပုံထောင်ပေါင်းများစွာကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကြောင့် ခံရသူကလေးတွေထဲက ၃ ဦးသာ ရှေ့နေငှားရမ်းဖို့ အခွင့်အရေး ရခဲ့ပြီး ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျှော်ကြေးငွေ အမေရိကန်ဒေါ်လာ ၄၂၂၈၀ နဲ့ ၅၂၈၅၀ ကြား တောင်းဆိုခဲ့ကြပါတယ်။ တရားရုံးကလည်း ကျူးလွန်သူအနေနဲ့ ခံရသူတွေကို လျှော်ကြေးပေးဖို့ မတ်လ ၁ ရက်နေ့က အမိန့်ချပေမယ့် ငွေကြေးဘယ်လောက် လျှော်ကြေးပေးရမယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ “အမျိုးသားကြီးက သူ ကျူးလွန်စော်ကားခဲ့သူတွေကို ကုန်ပစ္စည်းတွေလို လိင်ဆက်ဆံဖော် အရုပ်တွေလို ဆက်ဆံခဲ့ပြီး နောင်တလည်း လုံးဝမရဘူး” လို့ တရားရုံးက ပြောပါတယ်။ သည်လိုကယ်သတင်းဌာန ထုတ်ပြန်ချက်အရ အမျိုးသားကြီးက ၂၀၁၄ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံကို ပြန်လာခဲ့ပြီး ထိုင်းနိုင်ငံအတွင်းမှာ သူ့ကို ကလေးသူငယ် လိင်စိတ်တိမ်းညွှတ်အမှုနဲ့ ဆက်စပ်လို့ စုံစမ်းမှုတွေလုပ်နေကြောင်း သိပြီးတဲ့နောက် ဆွစ်ဇာလန်အာဏာပိုင်တွေက ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ စုံစမ်းမှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။ အာရှကို ပြန်သွားဖို့ စီစဉ်နေတုန်းမှာပဲ ဒီလူကို   ဆွစ်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တာလို့ ကိုကိုးနက်သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up