A d v e r t i s e m e n t With Us

ဦးခေါင်းတွင် ချိုသဏ္ဌာန်အကျိတ်ဖြင့် မွေးလာသည့် ကလေးငယ်အား ခွဲစိတ်ကုသမည်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကလေးတဦး မွေးရာပါ ဦးချိုသဏ္ဌာန်အကျိတ်ကြီး ဦးခေါင်းမှာ ပါပြီး မွေးဖွားလာလို့ အသက်ကယ် ခွဲစိတ်မှု လုပ်ရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၇ ပတ်ပဲရှိသေးတဲ့ နဟီဂျွန်ပရာဒိုဆိုသူ ကလေးက မိခင်ဝမ်းတွင်းမှာကတည်းက encephalocele ရောဂါအမည်ရတဲ့ ဦးနှောက်အကျိတ်က ကြီးထွားနေပြီး အကျိတ်က စိတ်မချရတဲ့ အနေအထားဖြစ်နေတယ်လို့ ဆိုပါတယ်။ နဟီကို ဇန်နဝါရီလဆန်းပိုင်းမှာ မိခင်က ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီး မွေးကတည်းက ကလေး ဦးခေါင်းပေါ်မှာ ကြက်ဥအရွယ်အစား အကျိတ်ကြီး ပါလာလို့ ဆရာဝန်တွေ အံ့သြတကြီး ဖြစ်ခဲ့ရပါတယ်။ အသက် ၂၀ အရွယ် မိခင်ဖြစ်သူ အိန်ဂျယ်ပြူတိုနဲ့ ဖခင်ဖြစ်သူ ရော်နယ်ပရာဒိုတို့က ကလေးကို အိမ်ပြန်ခေါ်သွားပေမယ့် အကျိတ် ကြီးထွားမှုမြန်လာလို့ အချိန်နဲ့အမျှ အမြန်ဆုံး ကုသဖို့ လိုအပ်နေတာပါ။ ကလေးရဲ့မွေးရာပါအကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့ မိသားစုက စောင့်ဆိုင်းနေပြီး ပါဆစ်အထွေထွေဆေးရုံကြီးပေါ်မှာ ကုသစရိတ်ကြောင့် ခွဲစိတ်ဖို့ နှောင့်နှေးနေတယ်လို့ သိရပါတယ်။ “ကျမ နဟီကို ကိုယ်ဝန်ဆောင်တုန်းက ဆရာဝန်တွေ အာလ်ထရာဆောင်း ရိုက်ခဲ့ပေမယ့် ဘာအမှားအယွင်းမှ မတွေ့ခဲ့ဘူး၊ မွေးလာတော့လည်း အကျိတ်အဖုကြီးက ကလေးရဲ့ ဦးနှောက်ကို ထိခိုက်ပျက်စီးမှုမရှိလို့ ကျမကလေး ကံကောင်းတယ်လို့ ဆရာဝန်တွေက ပြောတယ်။ အရင်တုန်းက ဒီလိုခေါင်းမှာ အကျိတ်ပေါက်နေတဲ့ ကလေးမျိုး တခါမှ မတွေ့ဖူးဘူး။ ဒါကြောင့် ဒါကို ဆုမွန်ကောင်းတခုအနေနဲ့ပဲ အမှတ်ထားတယ်။ ဒါပေမယ့် အခုတော့ ကလေးရဲ့ အကျိတ်ကို ခွဲစိတ်ဖို့ ကျမတို့ ဦးစားပေး စဉ်းစားတယ်” လို့ မိခင်ဖြစ်သူ အိန်ဂျယ်က ပြောပါတယ်။ ကလေးရဲ့ ဦးချိုပုံအကျိတ်ထဲမှာ ရေတွေပြည့်နေကာ ဒဏ်ရာမရအောင် ဒါမှမဟုတ် သွေးမထွက်အောင် အကျိတ်ကို ပတ်တီးတွေနဲ့ ပတ်ထားရပြီး ကလေး အိပ်ချိန်နဲ့ ကလေးကို ချီချိန်မှာ မိဘတွေက ပိုပြီးသတိထားနေရတယ်လို့ ဆိုပါတယ်။ ကံကောင်းစွာနဲ့ စီတီရိုက်စစ်ဆေးချိန်မှာ ကလေးရဲ့ ဦးခေါင်းအကျိတ်က အသက်အန္တရာယ်မရှိဘဲ ဦးနှောက်ကိုလည်း မထိခိုက်နိုင်ဘူးလို့ သိရပါတယ်။ လာမယ့်အပတ်တွေမှာ ကလေးရဲ့ အကျိတ်ကို ခွဲစိတ်ဖယ်ရှားပြီးရင် လုံးဝကျန်းမာလာမယ်လို့ မျှော်လင့်နေကြပြီး ကလေးရဲ့ဖခင်က ကလေးမကြာခင် နေကောင်းသွားမယ်၊ သူတို့အနေနဲ့ ကလေးအတွက် လုပ်နိုင်သမျှ အကုန်လုပ်သွားမယ်လို့ ပြောကြောင်း မေရာသတင်းမှာ မတ်လ ၂ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up