အာဖဂန်တွင် အသေခံကားဗုံးခွဲမှုကြောင့် ၁ ဦး သေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

1.1K
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူလ်မှာ မတ်လ ၂ ရက်နေ့က အသေခံကားဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူအနည်းဆုံး ၁ ဦး သေဆုံးပြီး အနည်းဆုံး ၁၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကဘူးလ်မြို့ အရှေ့ပိုင်း နိုင်ငံခြားသားရပ်ကွက်နားမှာ မနက် ၉ နာရီလောက်က ပေါက်ကွဲတာလို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
အသေခံ ဗုံးခွဲသမားဟာ ဒီဒေသကို ဖြတ်သန်းသွားနေကျ နိုင်ငံခြားတပ်သားတွေရဲ့ ကားတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ဒဏ်ရာရသူ အားလုံးက အရပ်သားတွေ ဖြစ်ပြီး ဆေးရုံတင်ပို့ထားရတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။ အခုလုပ်ရပ်အတွက် ဘယ်အဖွဲ့အစည်းကမှ တာဝန်ရှိတယ်လို့ မဖော်ပြသေးပါဘူး။
သမ္မတ အက်ရှ်ရက် ဂါနီက တာလီဘန် အကြမ်းဖက်အဖွဲ့ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်အပြီး နှစ်ရက်အကြာမှာ အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ။
နဂိုတည်းက အကောင်းမမြင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် ဒီဖြစ်ရပ်က အရိပ်မိုးနေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ကဘူးလ်မြို့မှာ လုံခြုံရေးကို တင်းကြပ်ထားပေမယ့် ပြီးခဲ့လပိုင်းအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက်ရှိခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။