သီပေါမြို့နယ်၌ ရှေးဟောင်းဘုန်းကြီးကျောင်းဆောင် မီးလောင်ပြာကျ
နန်းမြနဒီ
·
March 2, 2018
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်တိုက်နယ် ကုန်းစုန်ကျေးရွာအုပ်စုထဲမှာ မနေ့ ညက ရှေးဟောင်း ဘုန်းကြီးကျောင်းဆောင် တကျောင်း မီးလောင်ပြာကျသွားခဲ့ပါတယ်။
ကုန်းစုန်အုပ်စုထဲက ကျောင်းလွယ် ဘုန်းတော်ကြီးကျောင်းဟာ ယမန်နေ့ည ၇ နာရီ လောက်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ တယောက်မှမရှိပေမယ့် ကျောင်းတိုက်နဲ့ အထဲက ပစ္စည်းပရိဘောဂတွေအားလုံး မီးထဲပါသွားတယ်လို့ သီပေါမြို့နယ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က ဒီဗွီဘီကို ပြောပါတယ်။
“ဘုရားမီးပူဇော်ရာက လောင်တယ်ပြောတယ်။ သီပေါနဲ့ဆို မိုင် ၃၀ လောက်ဝေးတယ်၊ အတွင်းပိုင်း နည်းနည်းခေါင်တော့ မီးသတ်ကားလည်း မရောက်နိုင်ဘူး၊ ကျောင်းဆောင်တခုလုံး ပြာကျသွားတယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့လူတော့မရှိဘူး။ ကျောင်းက နှစ်ထပ်ပျဉ်ကာပျဉ်ခင်း သွပ်မိုးရှေးကျောင်းပေါ့။ ဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးပါဘူး။”
နမ့်လန်ရဲစခန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ မီးလောင်တဲ့ သတင်းပေးပို့ချက်ခုထိမရောက်သေးကြောင်း ၊ အဲဒီဒေသတ၀ိုက်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ရဲစခန်းက အလှမ်းမမီဘူးလို့ တာဝန်ကျရဲတပ်ဖွဲ့ဝ င်တဦးပြောပါတယ်။
ဓာတ်ပုံ-စိုင်းကျော်အေး