A d v e r t i s e m e n t With Us

ဘာစီလိုနာကစားသမား မာစ်ချီရာနို တရုတ်ကလပ်ကို ပြောင်းရွှေ့

ဘာစီလိုနာအသင်းမှာ ၈ နှစ်နီးပါး ကစားခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဟာဗီးယား မာစ်ချီရာနိုဟာ ဘာကာ ကစားသမားဘဝကနေ တရုတ်စူပါလိဂ် ကလပ်အသင်းသစ်တခုဖြစ်တဲ့ ဟယ်ပေး ချိုင်းနား ဖော်ကျူးန် အက်ဖ်စီကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တရားဝင်ပြောင်းရွှေ့လာခဲ့ပါတယ်။ ဟယ်ပေး CFFC ကို အကောင်းဆုံး ကူညီကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်လို့ မာစ်ချီရာနိုက မတ် ၁ ရက်မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။ အသက် ၃၃ နှစ်အရွယ် မာစ်ချီရာနိုဟာ နူးကမ့်မှာ ဖလားရာသီ ၈ ခုစာ ကစားအပြီးမှာ  ဒီနှစ် ဇန်ဝါရီလမှာ ဖော်ကျူးန်အသင်းနဲ့ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ သူ ဒီလို တရုတ်အသင်းသစ်တခုကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ဖြစ်တာဟာ သူ့အသင်းဖော်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့ အက်ဇီကီးလ် လာဗက်ချီကလည်း အကြောင်းတခုဖြစ်တယ်လို့ မာစ်ချီရာနိုက ပြောပါတယ်။ ဒီအကြောင်းကို အာဂျင်တီးနား အမျိုးသားအသင်း နည်းပြကို မပြောထားရသေးပေမယ့် သဘောတူမှာပါလို့လည်း ဆိုပါတယ်။ ဒီပွဲတွေမှာလည်း တတ်နိုင်သမျှ အကောင်းဆုံး ကစားသွားမှာဖြစ်ပြီး ကမ္ဘာ့ဖလား ကစားပွဲတွေမှာလည်း ပါဝင်ကစားသွားမယ်လို့ ပြောပါတယ်။ မာစ်ချီရာနိုဟာ ဘောလုံးလောကကို ၂၀၀၃ မှာ စတင်ဝင်ရောက်လာခဲ့ပြီး ၂၀၀၆-၂၀၀၇ မှာ ဝက်စ်ဟမ်း ယူနိုက်တက်မှာ ပါဝင်ကစားခဲ့ပါတယ်။ အဲ့ဒီကမှ ၂၀၀၇-၂၀၁၀ အထိ လီဗာပူးမှာ ကစားခဲ့ပြီး ၂၀၁၀ ကနေ ၂၀၁၈ အထိ ဘာစီလိုနာမှာ ကစားခဲ့တာပါ။ မာစ်ချီရာနို အခု ပြောင်းရွှေ့တဲ့ တရုတ်ကလပ်အသင်း ဟယ်ပေး CFFC လို့ သိကြတဲ့ ဟယ်ပေး ချိုင်းနား ဖော်ကျူးန် အက်ဖ်စီကို လက်ရှိမှာတော့ အရင် မန်စီးတီးအသင်းမန်နေဂျာ ဖြစ်တဲ့ ချီလီကစားသမားဟောင်း မန်နျူယယ် ပယ်လယ်ဂရီနီက အုပ်ချုပ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up