DVB Logo
Home
မြန်မာသတင်း
သမ္မတအကြံ​ပေး​မယ့်​ လူမှုစီး​ပွား​ရေး​ကောင်စီအဖွဲ့​ တရား​ဝင်​ကြေညာမည်
DVB
·
May 18, 2012
Donate to DVB

သမ္မတ အကြံပေးမယ့် လူမှုစီးပွားရေးကောင်စီအဖွဲ့ တရားဝင်ကြေညာမည်
စီးပွားရေးလုပ်ငန်းရှင်တွေ နဲ့ ပညာရှင်တွေ အများစုပါဝင်မယ့် မြန်မာနိုင်ငံ လူမှုစီးပွားရေး အကြံပေးကောင်စီ အဖွဲ့ ကို တရားဝင်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ လူသိများတဲ့ စီးပွားရေးပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ ၁၅ ဦးထက်မနည်း ပါဝင်မယ့် အဲဒီ လူမှုစီးပွားရေး အကြံပေးကောင်စီကို ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး မကြာခင်မှာ တရားဝင် ကြေညာတော့မယ်လို့ အကြံပေးကောင်စီမှာ ပါဝင်တဲ့ အဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီအဖွဲ့မှာ လူသိများတဲ့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်၊ ဦးမော်သန်း၊ ဒေါ်ခင်စန်းရီနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးတဦးဖြစ်တဲ့ ဦဆက်မော်၊ ဒေါက်တာကျော်ရင်လှိုင်နဲ့ ဦးလှမောင်ရွှေ တို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ၃ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ပညာရှင်တွေ ရဲ့ စကားကို နားထောင်နိုင်ပါမလား ဆိုတာနဲ့ ပတ်သက်လို့ အကြံပေးကောင်စီ အဖွဲ့ဝင် ဒေါက်တာ အောင်ထွန်းသက် က အခုလို ပြောပါတယ်။

“အခုဆိုရင် ပြောခွင့်၊ ဆိုခွင့်၊ ရေးသားခွင့်၊ နားထောင်ခွင့်ပေါ့နော်။ ဒီလိုဖွဲ့ဖို့ စဉ်းစားတာကိုက အသံတွေကို နားထောင်မယ်လို့ ရည်ရွယ်တာ ရှိပါတယ်။ ကိုယ့်အနေနဲ့က တာဝန်ပေးလာရင်တော့ တတ်သမျှကျွမ်းသမျှကို အကြံဥာဏ် ပေးရမှာပေါ့။ နားထောင်ဖို့ အဆင့်သင့်ရှိတဲ့ လက္ခဏာတော့ သေချာပါတယ်။ ၀န်ကြီးဌာနအဆင့်ထိအောင် ဆရာတို့ နားထောင်ဖို့ အဆင့်သင့်ရှိတယ် ဆိုတာကို အမြဲတမ်း ဆရာတို့ပြောပါတယ်။ အကြံတွေပေးကြပါ။ အကောင်းဆုံးဖြစ်အောင် လုပ်ကြပါဆိုတဲ့ တိုက်တွန်းချက်တွေပေါ့။ ဆရာတို့..အကြံပေးတဲ့လူတွေက ပိုပြီး တာဝန် ရှိတာပေါ့။”

အသစ်ဖွဲ့စည်းလိုက်တဲ့ လူမှုစီးပွားအကြံပေးကောင်စီဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းထားခဲ့တဲ့ နိုင်ငံတော် သမ္မတ နိုင်ငံရေး၊ ဥပဒေရေးနဲ့ စီးပွားရေး အကြံပေး အဖွဲ့ထက် လုပ်ပိုင်ခွင့် ပိုများလာမယ် လို့ မျှော်လင့်နေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီအဖွဲ့တွေအနေနဲ့ တကယ် အလုပ်ဖြစ်ဖို့ လိုတယ်လို့ သုံးသပ် ပါတယ်။

“ကောင်စီတို့ ကော်မတီတို့ဖွဲ့တယ်ဆိုတာ ကောင်းတာပါပဲ။ ဖွဲ့မယ်ဆိုရင် ကြိုက်တာပဲ။ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က ကြွေးကြော်ချက်တွေ၊ ပါးစပ်အပြောတွေက များနေတယ်။ လက်တွေ့လုပ်တာ တော်တော်နည်းတယ်။ ဘာလို့လဲဆိုတော့ စစ်အစိုးရလက်ထက် တလျှောက်လုံးလည်း ကြွေးကြော်ချက်တွေက သိပ်ကောင်းတာပဲဗျာ။ နားထောင်ရတာ သိပ်ကောင်း တယ်။  လက်တွေ့ကျတော့ အဲ့ ကြွေးကြော်ချက်တွေနဲ့ တခါတည်း ဆန့်ကျင်ဘက်တွေ လုပ်နေတာပဲ။ အခုလည်းပဲ ကောင်စီဆိုတာတွေက ကောင်းတာပါပဲ။ ကောင်းတာတွေလုပ်ဖို့ ရည်ရွယ်တာပဲ။ တကယ်လုပ်ဖို့ ပဲ လိုတာပေါ့။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကနေ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေရေးရာ သမ္မတကို တိုက်ရိုက် အကြံပေးရတဲ့ အဖွဲ့ ၃ ဖွဲ့ကို ၂၀၁၁ တွင် ဖွဲ့စည်းထားပြီး လူမှုစီးပွားရေး အကြံပေးကောင်စီကို ထပ်မံ ဖွဲ့စည်းခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013