Home
မြန်မာသတင်း
ဘုရားကျောင်းဆုတောင်းပွဲသို့ စုံတွဲရာချီ ရိုင်ဖယ်သေနတ်ကိုင်တက်ရောက်
DVB
·
March 2, 2018
ပန်ဆယ်လ်ဗေးနီးယားပြည်နယ် ဘုရားကျောင်းတခုမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ က စုံတွဲ ၁၀၀ ကျော်ဟာ အေအာ-၁၅ ရိုင်ဖယ်သေနတ်တွေကိုင်ပြီး သူတို့ရဲ့ လက်ထပ်ထိမ်းမြားမှုကို ဆုမွန်ချွေဖို့ တက်ရောက်ခဲ့ကြပါတယ်။ ကျည်မပါတဲ့ သံတုတ်ချောင်း(သေနတ်)တွေနဲ့ တက်ရောက်ခဲ့ကြတဲ့ ဒီလှုပ်ရှားမှုဟာ လတ်တလောဖြစ်ခဲ့တဲ့ ဖလော်ရီဒါစာသင်ကျောင်းတွင်းပစ်ခတ်မှုမှာ အသက်တွေ ဆုံးရှုံးခဲ့ရမှုကနေ ကယ်ကောင်း ကယ်တင်နိုင်မယ့် ရည်ရွယ်ချက်နဲ့ ဆုတောင်းဝတ်ပြုခဲ့ ကြတာလို့ ဆိုပါတယ်။ “ကျွန်ုပ်တို့ တဦးချင်းစီက သံတုတ်တွေရဲ့ အင်အားကို သုံးဖို့ တောင်းဆို လိုက်ပါတယ်။ နတ်ဆိုးတွေရှိတဲ့ ကမ္ဘာမှာ လက်နက်ကိုင်ဖို့ ဒါမှမဟုတ် ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ ဘုရားရဲ့ကလေးတွေကို ကာကွယ်ဖို့ပါ” လို့ သမ္မာကျမ်းစာကို ကိုးကားပြီး ဘုရားကျောင်း အ ကြီးအကဲ ဆန်းမြောင်မွန်းက ပြောလိုက်တာပါ။ ဖီလာဒယ်လ်ဖီးယားမြို့ မြောက်ပိုင်း မိုင် ၁၀၀ လောက်အကွာ ကျေးလက်ဒေသ ပိုကိုနိုတောင်တွေမှာရှိတဲ့ ဘုရားရှိခိုးကျောင်းဆီကို အမျိုးသမီးတွေဟာ အဖြူရောင် ဂါဝန်၊ အမျိုးသားတွေက အမည်းရောင် ဘောင်းဘီနဲ့ ကုတ်အင်္ကျီဝမ်းဆက်တွေ ဝတ်ဆင်ပြီး ကျည်မပါတဲ့ သေနတ်တွေ ကိုင်ဆောင်ပြီး လာခဲ့ကြတာပါ။ ဆုတောင်းချွေမယ့်သူ အတော်များများက ကျည်ဆန်တွေနဲ့ လုပ်ထားတဲ့ သရဖူ တွေကိုလည်း ဆောင်းထားပြီး ဘုရားကျောင်းရဲ့ တာဝန်ရှိသူတွေကတော့ ပန်းရောင်နဲ့ အဖြူရောင် အဝတ်အစားတွေ ဝတ်ဆင်ကာ သူတို့ရဲ့လက်နက်တွေနဲ့ ဘုရားကျောင်းကို တက်ရောက်လာကြတာ ဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့တည်ထောင်သူ ဖခင်ကွယ်လွန်ပြီးတဲ့နောက် ဘုရားကျောင်းရဲ့ အကြီးအကဲဖြစ်လာသူ မွန်းက ဒီဆုတောင်းပွဲမှာ စုံတွဲ ၂၅၀ လောက်ကို ဆုတောင်း ချွေပေးခဲ့တယ်လို့ ဘုရားကျောင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒီလက်ထပ်ဆုတောင်းပွဲဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းဒ်မှာ ကျောင်းသားတဦးက အေအာ-၁၅ ရိုင်ဖယ်သေနတ်ကိုင်ပြီး ဝန်ထမ်းတွေနဲ့ ကျောင်းသား စုစုပေါင်း ၁၇ ဦးကို သတ်ဖြတ်သွားတဲ့ ကိစ္စမတိုင်ခင်အချိန် အတော် ကြာကတည်းက စီစဉ်ထားတာလို့လည်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဖလော်ရီဒါကျောင်းက ဝန်ထမ်းတွေက လက်နက်ကိုင်ဆောင်သင့်တယ်လို့လည်း ဘုရားကျောင်း အကြီးအကဲ မွန်းက စာထုတ်ပြန်ပြောလိုက်တာပါ။ ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ လက်နက်ကိုင်ဆောင်သင့်တယ်ဆိုတာက သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ သဘောထားဖြစ်ပြီး ဒီအယူအဆကို နိုင်ငံတဝှမ်းမှာ ကျင့်သုံးသင့်တယ်လို့ သမ္မတက ပြောပေမယ့် ကျောင်းဆရာသမဂ္ဂကတော့ ဝေဖန်ထားတယ်လို့ ဆိုပါတယ်။ ဖလော်ရီဒါကျောင်း သေနတ်ပစ်ခတ်မှုတုန်းက ကျောင်းသားတွေကို ကာကွယ်ဖို့ ကျောင်းကို အပြေးသွားခဲ့တဲ့ ဘောလုံးနည်းပြသာ လက်နက်ကိုင်ဆောင်ခွင့်ရပြီး ကျောင်းသားတွေကို သေနတ်သမားလက်ကနေ ကယ်တင်နိုင်ခဲ့ရင် သူကိုယ်တိုင်အ ပါအဝင် လူတွေ တော်တော်များများ အသက်ရှင်နိုင်တယ်လို့လည်း မွန်းက ပြောလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024