A d v e r t i s e m e n t With Us

အမေရိကန်စစ်သားကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည့် ထိုင်းလမ်းဘေးဈေးသည်များ ဖမ်းဆီးခံရ

မြွေဟောက် ပူးတွဲစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အမေရိကန်စစ်သားတဦးကို ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြတဲ့ ထိုင်းလမ်းဘေးဈေးသည်တွေကို သက်ဆိုင်ရာက အရေးယူနိုင်ဖို့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ ခေါင်ဆွတ်သတင်းမှာ မတ် ၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေရှိ ဈေးဆိုင်တန်းတခုအနီးမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ခဲ့တာပါ။ အဲဒီနေ့ ညနေ ၅ နာရီလောက်က အဆိုပါ အမေရိကန်နိုင်ငံသားဟာ ဘားတခုမှာ အရက်သောက်နေချိန်မှာ ဈေးသည်တဦးက ရောက်လာပြီး နာရီဝယ်ဖို့ ပြောဆိုခဲ့ကြောင်း၊ အမေရိကန်က အဲဒီနာရီဟာ တံဆိပ်အတုဖြစ်တဲ့အတွက် ဝယ်ဖို့ ငြင်းဆန်လို့ နှစ်ယောက်သား စကားများပြီး ထိုင်းဈေးသည်က အမေရိကန်သားကို စထိုးခဲ့တာလို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံသားမှာလည်း သန်မာသူ ဖြစ်တာကြောင့် ဈေးသည်ကို ပြန်ထိုးတဲ့အခါ အနီးအနားက ဈေးသည်တွေ ဝိုင်းအုံလာပြီး အဲဒီအမေရိကန်သားကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေခဲ့တာပါ။ လက်ရှိမှာတော့ ရဲတွေက ဒီရန်ပွဲမှာ ပါဝင်ထိုးကြိတ်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် ၆ ဦးကို ဖမ်းဆီးခဲ့ကာ ပစ္စည်းတုတွေ ရောင်းချမှု၊ ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဈေးသည်အုပ်စုထဲမှ ခေါင်းဆောင်ဖြစ်တဲ့ အူထစ်ဆူသော့ခ်က သူတို့ဟာ အမေရိကန်စစ်သားအုပ်စုကို နာရီတွေ ရောင်းချဖို့အတွက် ကြိုးစားခဲ့ကြောင်း၊ ဒါပေမယ့် နာရီတွေကို စစ်ဆေးကြည့်ရှုပြီးနောက်မှာ မြေပြင်ပေါ်ကို ပစ်ချခဲ့တဲ့အတွက် ခုလို ရန်ပွဲစတင်ခဲ့တာလို့ ရဲတွေကို ပြောပါတယ်။ လက်ရှိမှာတော့ သူတို့ကို ဘတ်ငွေ ၅ ထောင် ဒဏ်ကြေးတပ်ရိုက်ခဲ့ပြီး ရန်ပွဲမှာ ပါဝင်တဲ့ အမေရိကန်နိုင်ငံသားကိုလည်း ဒဏ်ကြေးဘတ်ငွေ ၁ ထောင် ပေးဆောင်စေခဲ့တယ်လို့ ဆိုပါတယ်။ Photo : khaosodenglish.com

A d v e r t i s e m e n t With Us

More News
Up