အများပိုင် ဘတ်စ်စကားလိုင်းတွေ တည်ထောင်ခွင့်ပေးပြီး အဆင့်မီ ဘတ်စ်ကားအသစ်တွေ တင်သွင်းခွင့်ပြုမယ်လို့ မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်က ဒီနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့နေပြည်သူတွေ ဘတ်စ်ကားကောင်းကောင်းစီးနိုင်ဖို့ ခွင့်ပြုပေးမှာ ဖြစ်တဲ့အကြောင်းနဲ့ ကားစီးရေ ဘယ်လောက်တင်သွင်းခွင့် ပြုမယ်ဆိုတာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရထံက အကြောင်းပြန်စာပေါ် မူတည်တဲ့အကြောင်း မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ရန်ကုန်တိုင်းက ကျမတို့ကို ညွှန်ကြားချက် မပေးသေးပါဘူး။ ဘယ်လိုကားမျိုးတွေ တင်သွင်းမယ်၊ ခွင့်ပြုမယ်၊ ဘယ်လိုလိုင်းတွေမှာဆိုတာ အဲဒီလိုမျိုး အသေးစိတ် ညွှန်ကြားချက်မှာပဲ ကျမတို့က အကြမ်းဖျင်းပဲ ပြောလို့ ရပါတယ်။ ကျမတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေတဆင့် ထောက်ခံချက်နဲ့ ကျမတို့ဆီတင်၊ တင်ပြီးရင် ကျမတို့က ဥက္ကဋ္ဌ ဦးစိုးသိန်းဆီတင်ပြပြီးတော့ သူက ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။”
ဘတ်စ်ကားတွေ တင်သွင်းရာမှာ တဦးတယောက်ချင်း တင်သွင်းခွင့်ပြုမှာ မဟုတ်ဘဲ ကိုယ့်လုပ်ငန်းတူအချင်းချင်း လေးငါးဆယ်ဦး အစုစပ်လုပ်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ကော်မရှင်အနေနဲ့ ဘယ်လိုအမျိုးအစားကားတွေ တင်သွင်းရမယ်၊ ကားစီးရေ ဘယ်လောက်တင်သွင်းခွင့်ပြုမယ် ဆိုတာတွေကို နောက်တပတ်ထဲ အသေးစိတ် သတင်းထုတ်ပြန်မှာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေက မထသ၊ ပါရမီ၊ အဓိပတိ၊ သန်မြန်သူ၊ ရွှေအင်းဝ စတဲ့ လိုင်းတွေဖြစ်ပြီး အဲ့ဒီလိုင်းတွေမှာ ပြေးဆွဲနေတဲ့ကားတွေ အများစုဟာ ပြည်ပက ၀ယ်ယူတင်သွင်းကတည်းက တပတ်ရစ် ကားတွေ ဖြစ်ပါတယ်။