A d v e r t i s e m e n t With Us

အခွန်ပြဿနာကြောင့် ပိတ်ထားသည့် ဂျေရုဆလင် ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း ပြန်ဖွင့်

ဓာတ်ပုံ - အေအက်ဖ်ပီ
အခွန်ပြဿနာကြောင့် ဆန္ဒပြတဲ့အနေနဲ့ ပိတ်ထားခဲ့တဲ့ ဂျေရုဆလင်က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်း ဟိုးလီး ဆပ်ပေါလ်ကာ (Holy Sepulchre) ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ခရစ်တော်ကို ကားစင်တင်တာရော မြှုပ်နှံတာပါ လုပ်ခဲ့တဲ့ နေရာပေါ်မှာ တည်ထားလို့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဘုရားဖူးတွေ အလည်အပတ်များတဲ့ ဂျေရုဆလင်ဘုရားကျောင်းကို ဘုရားကျောင်း ခေါင်းဆောင်ပိုင်းတွေက ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မပိတ်စဘူး ပိတ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ဘုရားကျောင်းရဲ့ ပိုင်ဆိုင်မှုကို စီးပွားရေးပိုင်ဆိုင်မှု အခွန်ကောက်ယူမယ့် အစီအစဉ်အပေါ် အငြင်းပွားမှုကို ဘုရားကျောင်း ကိုယ်စားလှယ်တွေနဲ့ အစ္စရေးအစိုးရ ကော်မတီတခုက ညှိနှိုင်းဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ အခုလို ညှိနှိုင်းမှုကို ကြိုဆိုကြောင်း ဘုရားကျောင်းခေါင်းဆောင်တွေကလည်း ပူးတွဲ ကြေညာချက်မှာ ပြောခဲ့ပါတယ်။ “ဘုရားကျောင်းအကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ဘုရားကျောင်းကို တနင်္ဂနွေနေ့က ကျနော်တို့ ပိတ်ခဲ့ပါတယ်။ ဒီနေ့ ဘုရားကျောင်းအကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ဘုရားကျောင်းကို ပြန်ဖွင့်နေတာပါ” လို့ ဘုရားကျောင်းသော့ကိုင်သူက ပြောကြားခဲ့တာပါ။ ဂျေရုဆလင်မြို့တော် အစိုးရက လတ်တလော သီတင်းပတ်အတွင်း အခွန်ကောက်ခံနေမှုကို ရပ်ဆိုင်းထားလိမ့်မယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဘုရားကျောင်းဟာ မြို့တော်အစိုးရကို စီးပွားရေးပိုင်ဆိုင်မှု အခွန် ဒေါ်လာ သန်း ၁၈၀ ကျော် ပေးဖို့ အကြွေးရှိနေတယ်လို့ မြို့တော်ဝန် နိဘရာကတ်က ပြောပါတယ်။ ဟိုတယ်တလုံးနဲ့ ဂျေရုဆလင်က ရုံးခန်းအပါအဝင် ဘုရားကျောင်းပိုင် စီးပွားရေးလုပ်ငန်းတွေဟာ အခွန်ကင်းလွတ်ခွင့်ရခဲ့တယ်လို့ ဘုရားကျောင်း ခေါင်းဆောင်တွေက ပြောပါတယ်။ အခွန်ဥပဒေကို ပြန်လည်စိစစ်နေချိန်မှာ တည်ဆဲဥပဒေအရ ဘုရားကျောင်းက လတ်တလောနှစ်အတွင်း ပုဂ္ဂလိက အိမ်ခြံမြေကုမ္ပဏီတွေကို ရောင်းချထားတဲ့ မြေနေရာတွေကို အစ္စရေးက ဆိုင်းငံ့ဟန့်တားပိုင်ခွင့်ရှိတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောပါတယ်။ ဂျေရုဆလင်မှာ ဘုရားကျောင်းတွေက အဓိကမြေပိုင်ရှင်တွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ ဘာသာရေးလုပ်ငန်းတွေအတွက် လိုအပ်ငွေကို ရရှိဖို့ ဘုရားကျောင်းပိုင်မြေ ရောင်းချရာမှာ  အခုလို ဥပဒေက ပိုခက်ခဲသွားစေတယ်လို့ ဘုရားကျောင်း ခေါင်းဆောင်တွေက ပြောပါတယ်။ အစ္စရေးအစိုးရရဲ့ အခွန်ဥပဒေကြောင့် ဂျေရုဆလင်မှာ သုံးရက်ကြာ ဆန္ဒပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up